News

POST TYPE

CRIME & ACCIDENT

တောင်ကိုးရီးယား နိုင်ငံသားထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိ
20-Oct-2016
တောင်ငူ၊ အောက်တိုဘာ ၂၀

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ တောင်ကိုးရီးယား နိုင်ငံသားထံမှ စိတ်ကြွဆေးပြား ၁၆၈၅ ပြားကို အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ကြောင်း တောင်ငူမြို့ အမှတ် (၂) နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ယခုဖမ်းဆီးရမိသူသည် အသက် ၅၀ ခန့် အရွယ်ရှိ Lee Sang Beom ဆိုသူဖြစ်ပြီး လွန်ခဲ့သည့် ခြောက်လနီးပါးခန့်က တောင်ငူမြို့နယ် အမှတ် (၂) ရပ်ကွက် ဗိုလ်မှူးဖိုးကွန်းလမ်း၌ နေအိမ် ငှားရမ်းနေထိုင်ကာ စတီးလမ်း မိုင်ဒါကွင်းအရှေ့ရှိ စားသောက်ဆိုင်တစ်ဆိုင်ဘေးတွင် ကိုးရီးယား အနှိပ်ခန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ လုပ်ကိုင်ကြောင်း၊ အခင်းဖြစ်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က စကားပြန် အမျိုးသမီးနှင့်အတူ တောင်ငူဘက်မှ နေပြည်တော်ဘက်သို့ ထွက်လာစဉ် အမြန်လမ်းအဝင် မောင်းတန်ဂိတ်မှ စောင့်ဆိုင်းရှာဖွေရာ ကျွဲရိုင်းဗူး ဖင်ဖောက်ကာ ပလတ်စတစ် အိပ်ပြာများဖြင့် ထည့်ထားသည့် ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၆၇၈ ပြားကို ယာဉ်နောက်ခန်းအတွင်းမှ ရှာဖွေတွေ့ရှိ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု အမှတ် (၂) နယ်မြေရဲစခန်းမှ စုံစမ်းသိရှိသည်။

“Lee Sang Beom ငှားနေတဲ့အိမ်ကို ဆက်ပြီးရှာဖွေတဲ့အခါ ဆေးပြားခုနစ်ပြားကို အိမ်အဝင်တန်းပေါ်က တွေ့တယ်။ သူလုပ်နေတဲ့ ကျန်းမာရေးစင်တာကို ထပ်မံရှာဖွေတဲ့အခါတော့ မတွေ့ခဲ့ရဘူး။ စုစုပေါင်း ဖမ်းဆီးရမိတဲ့ ဆေးပြား ၁၆၈၅ ပြား ဖြစ်ပါတယ်” ဟု အမှတ် (၂) နယ်မြေရဲစခန်းမှူး ရဲအုပ်တင်ဦးက ပြောကြားသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် တောင်ကိုးရီးယား နိုင်ငံသား Lee Sang Beom ကို တောင်ငူမြို့ အမှတ် (၂) နယ်မြေရဲစခန်းက မူးယစ် (ပ) ၁၁ /၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ နယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - KTO