News

POST TYPE

CRIME & ACCIDENT

အဖမ်းမခံဘဲ သေနတ်ဖြင့် ခုခံသူကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး
19-Oct-2016

မိုင်းဖြတ်မြို့၊ အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ် ဝမ်လုံးအုပ်စု မကာကျေးရွာ၌ အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီခန့်က တူမီး သေနတ်ဖြင့် ပြန်လည် ခုခံရန် ကြိုးစားသည့် လူသတ်မှု တရားခံဟုဆိုသူကို ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း မိုင်းဖြတ် မြို့မစခန်းထံမှ စုံစမ်း သိရှိရသည်။ 

အဆိုပါနေ့ နံနက်ပိုင်းက မကာကျေးရွာနေ အသက် ၄၀ နှစ်ခန့်အရွယ် အိုက်ကျောက် (ခ) အိုက်ရီကျောက်ကို အသက် ၄၈ နှစ်အရွယ် အိုက်ထွန်းဆိုသူက တူမီးသေနတ်ဖြင့် ပစ်ခတ်၍ ဝဲဘက် ရင်အုံတွင် ဒဏ်ရာရှိကာ သေဆုံးခဲ့ကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟုဆိုသူသည် ကျေးရွာအနီးရှိ လယ်တဲ တစ်ခုတွင် ပုန်းအောင်းနေရာ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးစဉ် အဖမ်းခံခြင်း မရှိဘဲ တူမီးသေနတ်ဖြင့် ရဲတပ်ဖွဲ့ဝင်များကို ခုခံပစ်ခတ်ရန် ကြိုးစားခဲ့၍ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ကာ လုံးထွေး ဖမ်းဆီးခဲ့ရကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး(ဦးစီး)မျိုးသိန်းက ပြောကြားသည်။

“ပိုက်ဆံ တောင်းမရတဲ့ကိစ္စနဲ့ ညီမရဲ့ယောက်ျားကို တူမီးသေနတ်နဲ့ ပစ်သတ်ပြီး ထွက်ပြေးတယ်။ တရားခံက အဖမ်းခံဖို့ ပြောတာကို နားမထောင်တဲ့အပြင် ဓားနဲ့ တူမီးသေနတ်ကိုင်ပြီး ပြန်ခုခံလို့ ရဲဘော် နှစ်ယောက်က AK-47 နဲ့ တစ်ချက်စီ ခြောက်လှန့် ပစ်ခတ်ခဲ့လို့ ယာဘက်ပေါင်မှာ တစ်လက်မလောက် ရှပ်ထိမှန်သွားတယ်။ ဒါပေမယ့် လက်နက် မချသေးလို့ ဝိုင်းပြီး လုံးထွေး ဖမ်းဆီးခဲ့ရတယ်”ဟု ၎င်းက ဆိုသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လူသတ်တရားခံဟု စွပ်စွဲခံထားရသူ အသက် ၄၈ နှစ်အရွယ် အိုက်ထွန်းကို (ပ)၁၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂အရ အမှုဖွင့် အရေးယူထားကြောင်း မိုင်းဖြတ် မြို့မရဲစခန်းထံမှ သိရသည်။



  • VIA