News

POST TYPE

CRIME & ACCIDENT

ရန်ကုန်သို့ ဆန်ကြမ်းအဝင် စံချိန်တင်ဝင်ရောက်
19-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၁၉

ဆန်သစ်များ ဒေသစုံမှထွက်ရှိလာခြင်းနှင့်အတူ မူဆယ် ၁၀၅ မိုင်ဈေးကွက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ခွင့် ပိတ်ထားသဖြင့် ရန်ကုန်သို့ ဆန်ကြမ်းဝင်ရောက်မှု စံချိန်တင်ပမာဏသို့ ရောက်ရှိကြောင်း အဓိက ဆန်ဈေးကွက်ဖြစ်သည့် ဘုရင့်နောင် ဆန်ကုန်စည်ဈေးကွက်အတွင်းမှ သိရသည်။

နယ်ဒေသများမှ ဆန်အဝင်သည် ရန်ကုန်သို့ တစ်ရက်လျှင် ဆန်အိတ်ရေ တစ်သိန်းကျော်အထိ ဝင်ရောက်ပြီး ယင်းပမာဏမှာ ယခင်က ဝင်ရောက်ဖူးခြင်းမရှိကြောင်း လက်ရှိဆန်အဝင်သည် ပြီးခဲ့သည့်ရက်ပိုင်းကထက် နှစ်ဆခန့်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း ဆန်စပါး ကုန်စည်ဒိုင် (ဘုရင့်နောင်)ထံမှ သိရသည်။

ဆန်စပါး ကုန်စည်ဒိုင် (ဘုရင့်နောင်) အတွင်းရေးမှူး ဦးသန်းဦးက “ဈေးက အကျဘက်ကို ရောက်နေတယ်။ ဆန်က ပိုဝင်လာဖို့ပဲရှိတယ်”ဟု ပြောဆိုသည်။

သို့သော် မူဆယ်ဈေးကွက် ပြန်လည် ဖွင့်လှစ်လာမည်ဆိုပါက ဆန်ဈေးကွက် အခြေအနေ ပြောင်းလဲနိုင်ပြီး လတ်တလော ဆန်အဝင်များသဖြင့် ဆန်တင်ပို့သူ အများစု ဈေးလျှော့ဝယ်လာနိုင်ကြောင်း ဆန်ကုန်သည်များက ဆိုသည်။

လတ်တလော ရန်ကုန်ဆန်ဈေးကွက်အတွင်း ဧည့်မထ ၂၅ မှတ်(သစ်)တစ်အိတ်လျှင် ကျပ် ၁၉,၅၀၀၊ ဧည့်မထ ၁၅ မှတ်(သစ်)တစ်အိတ်လျှင် ကျပ် ၂၀,၀၀၀ နှင့် ဧည့်မထ ၅ မှတ်(သစ်)တစ်အိတ်လျှင် ကျပ် ၂၁,၅၀၀ ဈေးရှိကြောင်း ဘုရင့်နောင်ဆန်ဈေးကွက်အတွင်းမှ သိရသည်။

S-04