News

POST TYPE

CRIME & ACCIDENT

ကထိန် ပဒေသာပင်မှ ငွေခိုးသူကို ဖမ်းမိ
19-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၁၈

မင်္ဂလာဒုံဥယျာဉ် မြို့တော် ရွှေမြို့တော်ဘုရားရင်ပြင်တွင် ထားရှိသော ကထိန်ပဒေသာပင်မှ ငွေများဖြုတ်ခိုးယူသည့် အမျိုးသားတစ်ဦးကို လုံခြုံရေးဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ အသက် ၃၂ နှစ် ငြိမ်းမင်းကိုမှာ နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းက ရွှေမြို့တော်ဘုရား ရင်ပြင်ရှိ မင်္ဂလာဒုံ ဥယျာဉ်မြို့တော်ဝင်း မိသားစု ဘုံကထိန်ခင်းရန် ထားရှိသော ပဒေသာပင်များမှ တစ်သောင်းကျပ်တန် ငွေစက္ကူတစ်ရွက်နှင့် ငါးထောင်ကျပ်တန် ငွေစက္ကူ သုံးရွက်တို့အား ဖြုတ်ယူ၍ ၎င်းလွယ်အိတ်ထဲ ထည့်နေချိန် ဖမ်းဆီးခံရခြင်းဖြစ်သည်။

“ပဒေသာပင်က ပိုက်ဆံတွေ ပျောက်ဆုံးနေလို့ ဇေကမ္ဘာပြတိုက် ဆောက်လုပ်ရေးလုပ်ငန်းခွင်က လုံခြုံရေးတွေက သူခိုးကိုစောင့်ဖမ်းခဲ့တာ။ ဖမ်းမိထားသူကို ယခင်ကျူးလွန်ထားတဲ့ပြစ်မှုတွေ ရှိ မရှိ တိုက်ဆိုင်စစ်ဆေးနေပါတယ်”ဟု ရဲအရာရှိက ပြောသည်။

ပဒေသာပင်မှ ငွေများ ခိုးယူသူဆိုသူ ငြိမ်းမင်းကိုမှာ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၁၅) ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ၎င်းကို မင်္ဂလာဒုံ မြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့် အရေးယူထားပြီး အဆိုပါစေတီ အလှူခံပုံးများထဲရှိ ငွေများ မကြာခဏ ခိုးယူခံရကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

S-03