News

POST TYPE

CRIME & ACCIDENT

ကရင်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူထံမှ လက်နက်နှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ
15-Oct-2016
ပုသိမ်၊ အောက်တိုဘာ ၁၄

ဧရာဝတီတိုင်း ကျောင်းကုန်း မြို့နယ်တွင် အောက်တိုဘာ ၁၄ ရက် နံနက် ၁၁ နာရီခန့်က ကရင်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ KPDF တပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ တစ်ဦးကို လက်နက်နှင့် စိတ်ကြွဆေးပြားများ အတူ ဖမ်းဆီးရမိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

တနင်္သာရီတိုင်း ရေးမြို့နယ် နှင်းဆုန်လမိုင် ကျေးရွာအခြေပြု ကရင်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ စောမူဂျီ(ခ) စောမူးကြီးဆိုသူသည် ရန်ကုန်ဘက်မှ ပုသိမ်ဘက်သို့ ရန်ကုန်-ပုသိမ်ကားလမ်းအတိုင်း ကားမောင်းလာစဉ် ကျောင်းကုန်းမြို့တိုးဂိတ်အလွန်၌ ဆိုက်ကားတစ်စီးကို ဝင်တိုက်မိခဲ့ရာ ရပ်နားခြင်းမရှိဘဲ့ မောင်းနှင်ထွက်ပြေးသောကြောင့် လိုက်လံဖမ်းဆီးစဉ် လက်နက်နှင့် စိတ်ကြွဆေးပြားများကို ဖမ်းဆီရမိခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“မနက် ၆ နာရီ လောက်က တိုးဂိတ်အကျော်မှာ ဆိုက်ကားကို တိုက်မိပြီး ပုသိမ်ဘက်ကို မမောင်းဘဲ အထောင်-အိမ်မဲလမ်းဘက်ကို မောင်းပြေးတာ၊ ဒိုးတန်း ကျေးရွာအနား ရေခလုပ်ကျေးရွာအုပ်စု ပေါက်ငူရွာ လမ်းမပေါ်ကနေ လမ်းဘေးကို ထိုးကျပြီး နွံနစ်သွားတယ်။ ကား ဆက်သွားလို့မရတော့ဘဲ ကားကိုထားခဲ့ပြီး ထွက်ပြေးသွားတယ်” ကျောင်းကုန်းမြို့ခံတစ်ဦးက The Voice သို့ ပြောကြားသည်။

ကားပေါ်ရှိ ပစ္စည်းများကို စစ်ဆေးရာ PIETRO BERETTA TYPE M9A1 တံဆိပ်ပါ သံကိုယ်ထည် ပစ္စတိုတစ်လက်၊ ကျည်အိမ် တစ်ခု၊ ဓါးမြှောင် နှစ်ချောင်း၊ ဓါးရှည် တစ်ချောင်း၊ သံရဲဒင်း တစ်ချောင်းစသည့် လက်နက်များအပြင် သုံးချောင်းထောက် ကင်မရာဒေါက် တစ်ခု ၊ မှန်ပြောင်း၊ ကျည်ကာအင်္ကျီနှင့် အခြားဆက်စပ် ပစ္စည်းများနှင့် လူအသုံးအဆောင်ပစ္စည်း ၁၁ မျိုးကို သိမ်းဆည်းရမိခဲ့ကြောင်း ကျောင်းကုန်းမြို့ရဲစခန်းထံမှ သိရသည်။

ကားမှာ နွံနစ်ပြီး ဆက်မောင်း၍ မရတော့သဖြင့် ဆိုင်ကယ်ကယ်ရီဖြင့် အမှတ်(၃)ရပ်ကွက်သို့ ရောက်ရှိလာပြီး ချောင်းကို ကူးတို့ဖြင့်ဖြတ်ကူးကာ အမှတ်(၁)ရပ်ကွက်သို့ ရောက်ရှိခဲ့ကြောင်း၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ် ဥပဒေဌာနမှ ရုံးအကူအိမ်သို့ ဝင်ရောက်ပြီး အပေါ့ သွားလိုဟန်ဖြင့် ၎င်း၏ အိတ်တစ်လုံးကို အိမ်အနောက်ဘက်ရှိ ချုံထဲသို့ပစ်ထားခဲ့ကြောင်း စောမူဂျီ(ခ) စောမူးကြီးက ရဲစခန်းတွင် ထွက်ဆိုသည်။

၎င်း၏ထွက်ဆိုချက်အရ စောမူဂျီ(ခ) စောမူးကြီးကို ခေါ်ဆောင်ပြီး သက်သေများဖြင့် သွားရောက်ရှာဖွေရာ ပွိုင့်တူးတူး ကျည် ၄၀ တောင့်၊ ပွိုင့်၃၈ ကျည် ၁၈ တောင့်၊ ပွိုင့် ၃၂ ကျည် ၂၇ တောင့့်၊ တွင်းထွက်ကျောက်အကြီး သုံးလုံး၊ အသေး လေးလုံးနှင့် အခြားဆက်စပ်ပစ္စည်း ခြောက်မျိုးတို့ကို ဆက်လက်သိမ်းဆည်းရမိသည်ဟု တာဝန်ရှိရဲအရာရှိက ဆိုသည်။

"သူကဆိုက်ကားကို တိုက်မိပြီး မောင်းပြေးတယ် ကားကိုဆက်မောင်းဖို့အခြေအနေ မရှိတော့ ထားခဲ့ပြီး ကျောင်း ကုန်းရဲစခန်းကို ကားတိုက်မိတဲ့ ကိစ္စလာရှင်းတာ၊ သူ့ကိုယ်ကို စစ်ဆေးတော့မှ ပစ္စတိုနဲ့ ဆေးပြားကို မိတယ် ပွိုင့်တူးတူးကိုတော့ ခရီးဆောင်အိတ်ထဲက မိတာပါ။ အခြားအသုံး အဆောင်ပစ္စည်းတွေလည်း ထပ်တွေ့တယ်”ဟု ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိရဲအရာရှိက ပြောကြားသည်။

အမှုနှင့် ပတ်သက်သည့် ကွင်းဆက်များအား ဆက်လက်ဖော်ထုတ်နိုင်ရန် KPDF မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ စောမူဂျီ(ခ) စောမူးကြီးကို သက်ဆိုင်ရာအဖွဲ့အစည်းများက စစ်ဆေးနေဆဲဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။


  • VIA