News

POST TYPE

CRIME & ACCIDENT

လူငယ်တစ်ဦးထံမှ စိတ်ကြွဆေးပြား ၂၁၀၀ အပါအဝင် ဘိန်းစိမ်းနှင့် ဆေးရှူကိရိယာများ ဖမ်းမိ
14-Oct-2016
ကျိုင်းတုံ၊ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နမ့်ဘော်အော့ရွာဟောင်းတွင် အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ လူငယ်တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၀ အပါအဝင် ဘိန်းစိမ်းနှင့် ဆေးရှူကိရိယာများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ကျေးရွာနေ အသက် ၂၇ နှစ်ခန့်အရွယ် အာဒေလေး ဆိုသူသည် မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲနေကြောင်း သတင်းအရ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၂၁၀၀၊ ဘိန်းစိမ်း ၈၀ ဂရမ်၊ စိတ်ကြွဆေးနှင့် ဘိန်းရှူရာ၌ အသုံးပြုသည့် ဆေးရှူကိရိယာနှင့် ငွေကျပ် ၄၀၀၀၀ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှ အမှုစစ်အရာရှိ ဒုရဲအုပ် အောင်သူထွဋ်က ပြောကြားသည်။
“တရားခံက မူးယစ်ဆေးဝါးတွေ ကိုယ်တိုင်သုံးစွဲတဲ့အပြင် တစ်ဆင့်ပြန်ရောင်းနေတာ။ သူ့ထံကမိတဲ့ စိတ်ကြွဆေးပြား တန်ဖိုးက ကျပ် ၅၂ သိန်းကျော် ရှိပြီး ဘိန်းစိမ်းက ကျပ်ရှစ်သောင်း တန်ဖိုးရှိတယ်။ သူမူရင်းဝယ်ယူခဲ့တဲ့သူကိုတော့ ဖမ်းမိဖို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၂၇ နှစ်အရွယ် အာဒေလေးနှင့် ကွင်းဆက်တရားခံ အသက် ၃၅ နှစ်အရွယ် အော်ချောတို့ နှစ်ဦးကို မယ (ပ) ၁၃၄/၂၀၁၆၊ မူး/စိတ်ပြောင်း ပုဒ်မ ၁၅/၁၉ (က)/ ၂၀ (က)/၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှသိရသည်။