News

POST TYPE

CRIME & ACCIDENT

ကျိုက်မရောမြို့နယ်မှ အမျိုးသမီးငယ်တစ်ဦးကို မုဒိမ်းကျင့်၍ KTV ဆိုင်သို့ ပို့ဆောင်ဟုဆို
14-Oct-2016
မော်လမြိုင်၊ အောက်တိုဘာ ၁၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာ အုပ်စုမှ အသက် ၁၇ အရွယ် အမျိုးသမီးငယ်တစ်ဦးသည် ၎င်းနေထိုင်ရာ ကျေးရွာမှ စက်တင်ဘာ ၁၄ ရက် နံနက် ၄ နာရီခွဲက ပန်းရောင်းရန် ထွက်လာစဉ် အမည်မသိ အမျိုးသားတစ်ဦးက မုဒိမ်းကျင့်၍ မော်လမြိုင်မြို့ရှိ ရတနာထက် KTV စားသောက်ဆိုင်သို့ ပို့ဆောင်ကာ အလုပ်စေခိုင်းခဲ့ကြောင်း ယင်းအမျိုးသမီးငယ်၏ အုပ်ထိန်းသူက ပြောကြားသည်။

အဆိုပါ အမျိးသမီးငယ် ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်၍ ရတနာနယ်မြေ ရဲစခန်းမှူးထံ ဖုန်းဖြင့် အကြောင်းကြားပေးခဲ့ကြောင်း တရနာကျေးရွာအုပ်ချုပ်ရေးမှူး မိသန်းဌေးက ပြောဆိုသည်။

ယင်းအမျိုးသမီးငယ်သည် မော်လမြိုင်မြို့သို့ ရောက်ဖူးခြင်း မရှိကြောင်း၊ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားမှုကို ရတနာထက် KTV စားသောက်ဆိုင်သို့ ရောက်ရှိခဲ့သော အမျိုးသားတစ်ဦးက သတင်းပေးသောကြောင့် အောက်တိုဘာလ ၇ ရက်နေ့ ညက အဆိုပါ အမျိုးသမီးငယ်ကို ပြန်လည်ခေါ်ယူခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။

ပန်းရောင်းထွက်လာစဉ် တရနာကျေးရွာထိပ်၌ ဟိုက်ဂျက်အမျိုးအစား မော်တော်ယာဉ်တစ်စီးကို မောင်းနှင်လာသည့် အမျိုးသားတစ်ဦးက မည်သည့်နေရာတွင် ဓာတ်ဆီဆိုင် ရှိကြောင်း မေးမြန်းသောကြောင့် လမ်းညွှန်ပေးခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ အမျိုးသားက တရနာဈေးသို့ ပို့ဆောင်ပေးမည် ဆိုခြင်းကို ငြင်းဆန်ခဲ့သော်လည်း ကားပေါ်ဆွဲတင်ကာ မော်လမြိုင်ဘက်သို့ ထွက်ခဲ့ကြောင်း KTV စားသောက်ဆိုင်သို့ ပို့ဆောင်ခံရသည့် အဆိုပါ အမျိုးသမီးက ပြောကြားသည်။

ယင်းသို့ ခေါ်ဆောင်လာစဉ် မော်လမြိုင် စက်မှုဇုန်အနီးရှိ ရော်ဘာခြံတစ်ခုတွင် မုဒိမ်းကျင့်ပြီးနောက် ရတနာထက် KTV စာ သောက်ဆိုင်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မော်လမြိုင်မြို့ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံ အောက်တိုဘာလ ၁၀ ရက်နေ့က တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အမျိုးသမီးငယ်နှင့် အမျိုးသားတစ်ဦး အောက်တိုဘာလ ၂၃ ရက်နေ့က ရောက်ရှိလာကြောင်း၊ အလုပ်ခန့်ခဲ့သော်လည်း သန့်ရှင်းရေး အလုပ်သာ ခိုင်းစေခဲ့ကြောင်း ရတနာထက် KTV စားသောက်ဆိုင် ဖွင့်ထားသူ ဒေါ်မြင့်မြင့်ဦးက ပြောကြားသည်။

ရတနာထက် KTV စားသောက်ဆိုင်ရှင်က ယင်းသို့ ပြောဆိုသော်လည်း အဆိုပါဆိုင်သို့ ပို့ဆောင်ခံရသည့် အမျိုးသမီးငယ်က အမျိုးသားများကို ဘီယာထည့်ပေးခြင်းနှင့် အတူထိုင်ရခြင်းများ ပြုလုပ်ခဲ့ရကြောင်း မော်လမြိုင်မြို့ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ ထွက်ဆိုထားသည်။

လက်ရှိတွင် ရတနာထက် KTV စားသောက်ဆိုင်ရှင်ကို ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့က (ပ) ၁၁၂/၂၀၁၆ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၂၃ အရ အမှုဖွင့်ထားပြီး မုဒိမ်းကျင့်၍ စားသောက်ဆိုင်သို့ ပို့ဆောင်ခဲ့သော အမျိုးသားကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေကြောင်း မော်လမြိုင်မြို့ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။