News

POST TYPE

CRIME & ACCIDENT

အွန်လိုင်းပေါ်တွင် လိုင်စင်မဲ့ တိုင်းရင်းဆေးဝါး ရောင်းချနေသူကို အမှုဖွင့်
13-Oct-2016
ရန်ကုန်၊ အောက်တိုဘာ ၁၃

လူမှုကွန်ရက် စာမျက်နှာ တစ်ခုဖြစ်သော ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ထုတ်လုပ်ခွင့် လိုင်စင် မရှိဘဲ ရွှေကျားညီနောင် အမှတ်တံဆိပ်ပါ စွမ်းအားပြည့် သဘာဝ အားဖြည့်ဆေးနှင့် အကြော သန်မာဆေးများကို ရောင်းချနေသည့် အမျိုးသမီး တစ်ဦးကို အောက်တိုဘာလ ၁၂ ရက်နေ့ က သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ် မြေရဲစခန်းမှ တိုင်းရင်းဆေးဝါး ဥပဒေပုဒ်မ ၃၁/ ၃၂ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ ရွှေကျားညီနောင် အမှတ် တံဆိပ်ပါ ဆေးဝါးများမှာ မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးဝါးများ ဖြစ်ကြောင်း ယခုနှစ် မတ်လ ၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ထည့်သွင်း ကြေညာပြီး ဖြစ်သော်လည်း ယင်းဆေးဝါးများကို သုဝဏ္ဏ၊ ၂၄ ရပ်ကွက်၊ တော်ဝင်လမ်းတွင် နေထိုင်သော အသက် ၄၅ နှစ်အရွယ် အမျိုးသမီးက လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖော်ပြကာ ရောင်းချနေသော ကြောင့် ၎င်းကို အရေးယူပေးရန် အရှေ့ပိုင်း ခရိုင် ဦးစီးဌာနမှူး (တိုင်းရင်းဆေးပညာ ဦးစီးဌာန) က တရားလိုပြု အမှုဖွင့် တိုင်ကြားခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“တိုင်ကြားခံရသူ မည်သူမည်ဝါဆိုတာ သိထားပြီး စစ်ဆေး မေးမြန်းဖို့ လတ် တလော ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယခုနှစ် စက်တင်ဘာလတွင် ဆေး ဝါးများ အဓိကဖြန့်ဖြူးရောင်းချနေသောဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ရွှေပြည့်စုံ ဈေးတို့ရှ ိဆေးဆိုင်အချို့မှ  BPI အမှတ် တံဆိပ်ပါ ဆေးဝါး အတုများကို သိမ်းဆည်း ရမိခဲ့ပြီး ယင်းဆေးဝါး အတုများ တင်သွင်း ရောင်းချနေသော အမျိုးသမီးကို ဖမ်းမိခဲ့ကြောင်း၊ ယင်းအပြင် လှိုင်မြို့နယ်တွင် ကျပ်သန်း ၂ဝဝဝ ကျော်ရှိ ဆေးဝါးအတုများကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေ ရဲစခန်းများထံမှ စုံစမ်း သိရှိရသည်။ 


  • VIA