News

POST TYPE

CRIME & ACCIDENT

တာချီလိတ် ရွှေဆိုင်တစ်ဆိုင်မှ ကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိ လက်ဝတ်ရတနာများ ဖောက်ထွင်းခံရ
13-Oct-2016
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ရှင်းမန်ရွှေဆိုင်၌ ကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိ လက်ဝတ်ရတနာများ ဖောက်ထွင်းခိုးယူခံခဲ့ရကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ စုံစမ်းသိရသည်။

အဆိုပါ ရွှေဆိုင်ပိုင်ရှင်နှင့် မိသားစုသည် ကောက်သစ်စားပွဲသို့ သွားရောက်ခဲ့စဉ် အခင်းဖြစ်သည့် အောက်တိုဘာ ၁၂ ရက် နံနက် ၉ နာရီခန့်ကနေ အိမ်အောက်ထပ်ရှိ ရွှေဆိုင်အတွင်းမှ ပလက်တီနမ်ဆွဲကြိုး အပါအဝင် ကျောက်စိမ်းဆွဲသီး၊ ရွှေလက်စွပ် စသည့် လက်ဝတ်ရတနာများ ဖောက်ထွင်းခိုးယူခံခဲ့ရကြောင်း၊ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၈၄၇ သိန်းကျော် ရှိကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး (ဦးစီး) မျိုးသိန်းက ပြောကြားသည်။

“အိမ်မှာက ရွှေဆိုင်ပိုင်ရှင်ရဲ့ တူမတစ်ဦး ကျန်ခဲ့တယ်။ အခုလက်ရှိတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်လို့ တရားခံတော့ မမိသေးဘူး။ ကျွန်တော်တို့ကတော့ မှုခင်းဖြစ်ပွားရင် စုံစမ်းသိရှိနိုင်အောင်လို့ ရွှေဆိုင်တေ ွအားလုံးကို CCTV ကင်မရာတွေ တပ်ဖို့ ညွှန်ကြားထားတယ်” ဟု ၎င်းက ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေဆိုင်ပိုင်ရှင် ဦးချစ်ထူးက တရားလိုပြုလုပ် တိုင်ကြားခဲ့၍ (ပ) ၁၉၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အမှုဖွင့် အရေးယူထားကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။