News

POST TYPE

CRIME & ACCIDENT

တရုတ်သို့ နယ်စပ်မှ စပါးမှောင်ခိုတင်ပို့မှုကိုမူဆယ်တွင် စောင့်ကြည့်စစ်ဆေး
02-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁

တရုတ်နိုင်ငံသို့ အဓိကထွက်ပေါက် တစ်ခုဖြစ်သည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် စပါးမှောင်ခိုတင်ပို့မှုအပါအဝင် အခြားကုန်စည် တရားမဝင်တင်ပို့မှုများကို ဌာနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များနှင့် စစ်ဆေးဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့ စပါး မှောင်ခိုတင်ပို့နေမှုများကို အဓိကစစ်ဆေး ဖမ်းဆီးခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ တရားမဝင် ဝင်ရောက်သည့် ကြက်သွန်များကိုလည်း ဖမ်းဆီးရမိမှုများရှိကြောင်းနှင့် ဖမ်းဆီးရမိသည့် ပမာဏအတိအကျကို အသေးစိတ် မသိရသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

“မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်း ဝန်းကျင်မှာ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေနဲ့ ရှောင်ကွင်းလမ်းတွေကနေ မသွားနိုင်အောင် တရားမဝင်ကုန်သွယ်မှုကို ဖမ်းဆီးဆောင်ရွက်နေတယ်။ ဘယ်လမ်းကြောင်းတွေကနေ သွားတယ်ဆိုတာကို စုံစမ်းသိရှိ ထားတာရှိတယ်”ဟု ၎င်းက ပြောဆိုသည်။ 

မူဆယ်နယ်စပ်တွင် တရားမဝင်ကုန်သွယ်မှုကို စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ရေပူစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနှင့်လည်း တရားမဝင်ကုန်စည်များကို ဖမ်းဆီးစစ်ဆေးရန် တရားမဝင်ကုန်သွယ်မှု တားဆီးရေးအထူးအဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။ 

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကတည်းကပင် တရုတ်ကုန်သည်များသည် ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စပါးကို တိုက်ရိုက်ဆင်း၍ ဝယ်ယူနေခြင်းဖြစ်ပြီး ယခု ၂၀၁၈ ခုနှစ်တွင် ပဲခူးတိုင်းဒေသ ကြီးအနောက်ဘက်နှင့် အရှေ့ဘက်ခြမ်းဒေသများတွင် မိုးကြိုစပါးများကို လယ်ကွင်းများအထိ တိုက်ရိုက်ဆင်းဝယ်ယူနေကြောင်း ကုန်သည်များထံမှ သိရသည်။

“ပြည်ပကို စပါးအတိုင်း တရားမဝင် တင်ပို့မှုက ဆန်စပါးကဏ္ဍတစ်ခုလုံးအတွက် ကြီးမားတဲ့ပြဿနာဖြစ်ပါတယ်။ မန္တလေး၊ မတ္တရာဘက်မှာ စပါးလုံးဝမရှိတော့လို့ ဆန်စက်တွေ ရပ်ပစ်လိုက်ရပြီ။ ကြာရင် ထိန်းသိမ်းရတာ အရမ်းခက်သွားလိမ့်မယ်”ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးထင်ဇော်လှိုင်က ပြောဆိုသည်။

တရုတ်ကုန်သည်များ စပါးများ တိုက်ရိုက်ဆင်းဝယ်ယူမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ အရေးယူတားဆီးပေးရန် တင်ပြထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ 

“စပါးမှောင်ခိုတင်ပို့တာကို အမြန်ဆုံးတားမြစ်မှရမှာပါ။ ပဲခူးအနောက်ဘက်ခြမ်းမှာ မိုးကြိုသက်လတ်စပါးဈေးက တင်း ၁၀၀ ကို ခြောက်သိန်းသုံးသောင်း ဖြစ်နေပြီ”ဟု ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းဒေသရှိ ဆန်ကုန်သည် ဦးသန်းစိုးက ဆိုသည်။

အစိုးရအနေနှင့် ပြည်တွင်းရှိ မွေးမြူရေးလုပ်ငန်းများတွင် စပါးဘေးထွက်ပစ္စည်းများ ပြန်လည်သုံးစွဲနိုင်ရန် စပါးအတိုင်း တင်ပို့မှုကို တားမြစ်ထားခြင်းဖြစ်ပြီး စပါးတင်ပို့မှုကို တားမြစ်ထားသော်လည်း ပြည်တွင်းတွင် လွတ်လပ်စွာသယ်ယူခွင့်ပြုထားခြင်းကြောင့် ပိုမိုလွယ်ကူစွာ တင်ပို့နိုင်ခြင်းဖြစ်ကြောင်း၊ အစိုးရအနေနှင့် စပါးလွတ်လပ်စွာ သယ်ယူခြင်းကိုပါ စစ်ဆေးတားမြစ်သင့်ကြောင်း ဆန်ကုန်သည်များက သုံးသပ်ပြောကြားသည်။ 

J-11


  • VIA