News

POST TYPE

CRIME & ACCIDENT

ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာ ထိခိုက်စေမည့် စာနှင့် ပုံများ အွန်လိုင်းပေါ် ဖော်ပြသူကို ဖမ်းမိ
10-Oct-2016
ရန်ကုန်၊ အောက်တိုဘာ ၁ဝ

လူမှုကွန်ရက် စာမျက်နှာ ဖြစ်သော Facebook တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သူ  ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာ ထိခိုက်စေမည့် စာနှင့်ပုံများ ဖော်ပြခဲ့သော ZawZaw (ခ) ငဖာ အကောင့်ပိုင်ရှင်ကို အောက်တိုဘာလ  ၁ဝ ရက် နံနက် ၁ဝ နာရီခွဲက ဖမ်းမိခဲ့ကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းထံမှ သိရှိရသည်။

အဆိုပါ ဖမ်းမိသူမှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၅ဝ ရပ်ကွက်၊ ၅ဝ ကွေ့ အနီးတွင် နေထိုင်သော အသက် ၃၁ နှစ်အရွယ် ဦးဇော်ဇော်ဖြစ်ပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဂုဏ်သိက္ခာ ထိခိုက်စေမည့် စာနှင့်ပုံများ ဖော်ပြခဲ့သည့် သက်သေခံ လက်ကိုင်ဖုန်းနှင့်အတူ ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းညွန့်ထူးက ပြောကြားသည်။

“ဒီမနက် ၁ဝ နာရီခွဲလောက်မှာပဲ သူ့နေအိမ်မှာ ဖမ်းမိခဲ့တာပါ၊ သူနဲ့အတူ ဘယ်သူတွေပါတယ်၊ သူက ဘယ်အဖွဲ့အစည်း၊ အသင်းအဖွဲ့ ဝင်ထားသူ ဖြစ်တယ်၊ ဘာ့ကြောင့် ဒီလိုရေးသားဖော်ပြရတယ် ဆိုတာတွေကို စစ်ဆေးနေတုန်းမို့ ပြောပြလို့ မရသေးပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းဖမ်းမိသော အမျိုးသားကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 


  • VIA