News

POST TYPE

CRIME & ACCIDENT

ကွတ်ခိုင်တွင် ဂိမ်းဆိုင်ကို ဒေသခံများ ဝိုင်းဖျက်ဆီး
19-Sep-2018
လားရှိုး၊ စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ရပ်ကွက် ၈ ရှိ လောင်းကစားဂိမ်း ဆိုင်တစ်ဆိုင်ကို ပိတ်သိမ်းရန် ရဲတပ်ဖွဲ့က သတိပေးထားသော်လည်း ပိတ်သိမ်းခြင်း မရှိ၍ စက်တင်ဘာလ ၁၆ ရက်နေ့ညနေတွင် ဒေသခံများက ဝိုင်းဝန်းဖျက်ဆီးခဲ့ပြီး ဆိုင်ပိုင်ရှင်မှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ရပ်ကွက်ထဲကလူတွေ ဝိုင်းပြီးရိုက် ခွဲဖျက်ဆီးလိုက်ကြတာပါ။ ဂိမ်းကစားနေသူတွေလည်း ထွက်ပြေးကြတယ်။ ဂိမ်းဆိုင်ပိုင်ရှင်ကတော့ ရိုက်ခွဲကြတဲ့အချိန်မှာ ဆိုင်မှာမရှိပါဘူး။ သူ့ကိုလောင်းကစားမှုနဲ့ဖမ်းဆီးဖို့ လုပ်ဆောင်နေပါတယ်” ဟု ကွတ်ခိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

ခိုလုံရွာလမ်းခွဲရှိ ငါးမန်းဂိမ်းဆိုင်ကို ကွတ်ခိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကွတ်ခိုင်ရဲတပ်ဖွဲ့တို့က ပိတ်သိမ်းရန် ခေါ်ယူသတိပေးလက်မှတ်ရေးထိုးစေခဲ့သော်လည်း ဆက်လက်လုပ်ကိုင်နေသည့်အတွက် ဒေသခံများက မခံမရပ်နိုင်ဖြစ်ကာ ဆိုင်ကိုဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

“ဒီဂိမ်းဆိုင်မှာ လူငယ်တွေအများဆုံးကစားကြတယ်။ ရှုံးကြတော့ ပိုက်ဆံလိုတယ်။ ရာဇဝတ်မှုတွေဖြစ်လာတယ်။ ခိုးကြတယ်။ လုကြတယ်။ ဒါကြောင့် အဲဒီဒဏ်တွေမခံနိုင်ကြတာနဲ့ ဖျက်ဆီးလိုက်ကြတာ” ဟု ကွတ်ခိုင်မြို့နေ ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးကျော်မြင့်က ပြောဆိုသည်။

ယင်းလောင်းကစားရုံကို ဖျက်ဆီးခဲ့သည့် ဒေသခံများကို ရဲတပ်ဖွဲ့အနေနှင့် အပြစ်ပေးအရေးယူခြင်းပြုလုပ်မည်မဟုတ်ကြောင်း ကွတ်ခိုင်မြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါ ငါးမန်းလောင်းကစားရုံပိုင်ရှင်ကို ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

R-07