News

POST TYPE

CRIME & ACCIDENT

တောင်ငူမြို့လယ် တည်းခိုခန်း တစ်ခု၌ နေ့ခင်းကြောင်တောင် အနုကြမ်းစီး
09-Oct-2016

တောင်ငူ၊ အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ်(၈)ရပ်ကွက် စတီးလမ်းရှိ ချမ်းရိပ်မွန် ဧည့်ဂေဟာပိုင်ရှင် အမျိုးသမီးကို ယနေ့ (အောက်တိုဘာ ၉ ရက်) မွန်းလွဲ ၁ နာရီခန့်က အခန်းအမှတ် 04 တွင် တည်းခိုနေသူ အမျိုးသားက အနုကြမ်းစီးကာ ငွေများ လုယက် သွားခဲ့ကြောင်း မိသားစုဝင်များထံမှ စုံစမ်း သိရှိရသည်။

“အခင်းဖြစ်တဲ့ အချိန်မှာ ဦးက မင်းကြီးညိုက အိမ်ကို ရောက်နေတာ။ ဖုန်းဆက် ပြောတော့မှ ပြန်ခဲ့ချိန် လည်ပင်းနဲ့ လက်တွေမှာ ပြတ်ရှဒဏ်ရာတွေနဲ့ ဆေးရုံကို ပို့နေကြပါပြီ”ဟု အနုကြမ်းစီးခံရသူ၏ အမျိုးသား ဦးသန်းလွင်က ပြောကြားသည်။

အနုကြမ်းစီးသူမှာ အသက် ၁၉ နှစ်အရွယ် မောင်စစ်ပိုင်မှူး ဆိုသူဖြစ်ပြီး အောက်တိုဘာ ၈ ရက် ညနေပိုင်းက လာရောက် တည်းခိုခဲ့ခြင်းဖြစ်ကြောင်း၊ တည်းခိုခန်း အောက်ထပ် အခန်း တစ်ခုတွင် အသက် ၆၉ နှစ်အရွယ် တည်းခိုခန်းပိုင်ရှင် ဒေါ်မြမြမေ အိပ်ပျော်နေစဉ် မောင်းချဓားဖြင့် ထောက်ကာ ငွေတောင်းခံခဲ့ခြင်း ဖြစ်သည်ဟု မြို့မရဲစခန်းမှ စုံစမ်း သိရှိရသည်။

“ပြတ်ရှဒဏ်ရာ လေးချက်လောက် ရှိပါတယ်။ ငွေကြေး ဘယ်လောက်ပါသွားတယ်ဆိုတာ မပြောတတ်သေးဘူး။ အမြန်လမ်းဘက် တက်သွားတယ်ဆိုလို့ နယ်မြေစခန်းချင်း ချိတ်ဆက်ပြီး ပိတ်ဆို့ ရှာဖွေနေပါတယ်”ဟု အခင်းဖြစ်ပွားမှုကို စစ်ဆေး မေးမြန်းနေသူ ရဲအုပ်တင်ဦးက ပြောကြားသည်။

ဒဏ်ရာရှိသည့် မိခင်ဖြစ်သူကို တောင်ငူ ဆေးရုံသို့ ပို့ဆောင် ကုသ ပေးနေရပြီး ဒဏ်ရာ အခြေအနေ စိုးရိမ်ဖွယ် မရှိသော်လည်း ငွေကျပ် နှစ်သိန်းနီးပါး အနုကြမ်းစီးသူလက်သို့ပါသွားကြောင်း အနုကြမ်းစီးခံရသူ၏ သမီးဖြစ်သူက ပြောကြားသည်။


  • VIA