POST TYPE
CRIME & ACCIDENT
ကျိုင်းတုံ၊ အောက်တိုဘာ ၉
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၁) ရပ်ကွက် ရပ်တော်မူ ဘုရားကြီး ကုန်းဆင်း၌ အောက်တိုဘာ ၈ ရက် ည ၇ နာရီခန့်က လမ်းလျှောက်နေသည့် အမျိုးသမီး တစ်ဦးထံမှ ပိုက်ဆံအိတ်ကို ဆိုင်ကယ် စီးနင်းလာသည့် တပ်မတော်သား တစ်ဦးနှင့် လူငယ် တစ်ဦးတို့က လုယူ ထွက်ပြေးခဲ့ရာ နာရီပိုင်းအတွင်း ဖမ်းဆီးရမိကြောင်း ကျိုင်းတုံ မြို့မ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ ညက လမ်းလျှောက်နေသည့် အမျိုးသမီး တစ်ဦးထံမှ ရွှေ၊ ငွေနှင့် လက်ကိုင်ဖုန်းများ ပါဝင်သည့် ပိုက်ဆံအိတ်ကို ဆိုင်ကယ် စီးနင်းလာသည့်လူငယ် နှစ်ဦးက လုယူ ထွက်ပြေးခဲ့ကြောင်း၊ ယင်းကြောင့် ထွက်ပြေး လွတ်မြောက်နိုင်သည့် မြို့တွင်းနှင့် မြို့ အဝင် အထွက် ဂိတ်များကို ပိတ်ဆို့ရှာဖွေရာ တပ်မတော်သား တစ်ဦး ပါဝင်သည့် အဆိုပါ လုယက်သူ နှစ်ဦးကို သက်သေခံ ပစ္စည်းများနှင့်အတူ တစ်နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ကျိုင်းတုံ မြို့မ ရဲစခန်းမှူး ဒုရဲမှူး ဝင်းသန်းက ပြောကြားသည်။
“လုယက်ခံရတဲ့ အမျိုးသမီးက စခန်းကို လာပြီး အမှုဖွင့်တာနဲ့ တရားခံတွေ ပိတ်ဆို့ ရှာဖွေခဲ့တယ်။ တရားခံတွေက ဆိုင်ကယ် အကြီးနဲ့ဆိုတော့ မှတ်မိ လွယ်တာကြောင့် မြို့အဝင် နောင်နွန်းဂိတ်နားက စားသောက်ဆိုင်မှာ တွေ့တယ်။ သူတို့ကို စစ်ဆေးတော့ သက်သေခံ ကျောက်စိမ်းဆွဲပြား တစ်ခု၊ ရွှေဆွဲပြား တစ်ခုနဲ့ ငွေ ကိုးသောင်းနီးပါး တွေ့ရှိပေမယ့် ဖုန်းက ပြန်ရှာလို့ မတွေ့သေးဘူး”ဟု ၎င်းက ဆိုသည်။
အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ပိုက်ဆံအိတ် လုယက်ခံရသူ ဒေါ်ကြေးမုံဝင်းက “ရပ်တော်မူ ဘုရားကြီးမှာ တရားထိုင်ပြီး သားနဲ့ဆင်းအလာမှာ အလုခံရတာ။ သားကို အန္တရာယ် မဖြစ်အောင်လို့ လမ်းနဲ့ ကပ်နေတဲ့ ပလက်ဖောင်းဘက်ကို ကျွန်မက လျှောက်တယ်။ ဆိုင်ကယ်စီးလာတဲ့ ကောင်လေး နှစ်ယောက်က နောက်ကနေ လာပြီး ဆွဲလုပြေးလို့ ချက်ချင်း ပြေးလိုက်ပေမယ့် မမီဘူး”ဟု ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့ အမှတ် (၉၃၂) ထောက်ပံ့နှင့်
ပို့ဆောင်ရေး တပ်ရင်းနေ အသက် ၂၄ နှစ်အရွယ်ရှိ တပ်သား သန်းအောင်ဌေးနှင့် အသက် ၂၀ ခန့်အရွယ်ရှိ
နေလ (ခ) လက်ကျိုးတို့ နှစ်ဦးကို (ပ)၁၉၁/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ-၃၂၈ဖြင့် အမှုဖွင့်
အရေး ယူထားကြောင်း၊ အဆိုပါ တရားခံများကို ထပ်မံ စစ်ဆေးချက်အရ လွန်ခဲ့သော တစ်လခန့်က
အမှတ် (၅) ရပ်ကွက်ရှိ လမ်းပေါ်တွင် အမည်မသိ အမျိုးသမီး တစ်ဦး၏ ဆိုင်ကယ်ဆွဲခြင်း အတွင်းမှ
တရုတ်ယွမ်ငွေ ၃၀၀၀ နှင့် ဖုန်းတစ်လုံးပါသည့် ပိုက်ဆံအိတ်ကို လုယူခဲ့သည်ဟု သိရှိရပြီး
အခြား ပြစ်မှုများ ကျူးလွန်ခြင်း ရှိ/ မရှိ စစ်ဆေးနေဆဲဖြစ်ကြောင်း ကျိုင်းတုံ မြို့မ
ရဲစခန်းထံမှ သိရသည်။
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
01-Mar-2021