News

POST TYPE

CRIME & ACCIDENT

လူသေစေသည်အထိ စစ်ဆေးခဲ့သည့် ရဲဝန်ထမ်း ၁၀ ဦးကို ရဲတပ်ဖွဲ့ ခုံရုံးမှ ရဲဥပဒေဖြင့် ပြစ်ဒဏ်ချ
12-Sep-2018
ပုသိမ်၊ စက်တင်ဘာ ၁၁

လူသေစေသည့်အထိ အမှုစစ်ခဲ့သည့် ဧရာဝတီတိုင်း ဒေးဒရဲမြို့မရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ခြောက်ဦးနှင့် ညှဉ်းပန်းနှိပ်စက်ပြီး အမှုစစ်ခဲ့သည့် ပိုးလောင်း ကင်းရဲစခန်းမှ ဒုရဲအုပ်အပါအဝင် ရဲ ၄ ဦး တို့ကို ရဲစည်းကမ်း၊ ဥပဒေများဖြင့် ရဲတရားရုံးမှ ပြစ်ဒဏ်ချထားကြောင်း ယင်းတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဒေးဒရဲ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းရွှေနှင့် အခြားအဆင့် ၅ ဦးတို့သည် ခိုးမှုဖြင့် မသင်္ကာသူ ဒေးဒရဲမြို့နယ်၊ ညောင်တစ်ပင်ကျေးရွာနေ ဦးဇော်မင်းထွန်းကို စစ်ဆေးစဉ် သေဆုံးခဲ့ပြီး လပွတ္တာမြို့နယ် ပိုးလောင်းကင်းရဲစခန်းမှ ဒုရဲအုပ်ကျော်ကျော်နိုင်နှင့် အခြားအဆင့် ၃ ဦးတို့သည် ဖောက်ထွင်းခိုးမှုဖြင့် မသင်္ကာသူ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ဒေါင်ချောင်းကျေးရွာနေ ဦးခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်တို့ကို ဖမ်းဆီးကာ ပလတ်စတစ်ကြိုးမီးရှို့၍ ကော်အစက်ချ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ခြင်းကို ရဲတရားရုံးက ရဲစည်းကမ်းဖြင့် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

“ရဲတပ်ဖွဲ့ ခုံရုံးနဲ့ စစ်ဆေးပြီး ရဲစည်းကမ်းဥပဒေအရ အပြစ်ပေးပြီးပါပြီ။ အမိန့်ချမှတ်တာကို အတည်ပြုပေးဖို့ ဆက်လက်တင်ပြထားပါတယ်။ အပြစ်ဒဏ်နဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောလို့မရပါဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဦးစီးပထမတန်းအရာရှိ (ဦး/ရေး/ထောက်) ဒုရဲမှူးကြီးထွန်းရွှေက ပြောဆိုသည်။

၎င်းတို့၏ ပြစ်မှုပြစ်ဒဏ်များကို ပွင့်လင်းမြင်သာထုတ်ပြန်မှသာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြည်သူက ပိုမိုယုံကြည်မှုရှိလာမည်ဖြစ်ပြီး ယင်းအဖြစ်အပျက်များမှာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည့်အတွက် အရပ်ဘက်တရားရုံးတွင်လည်း စစ်ဆေးပေးရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့က တောင်းဆိုထားကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး ကော်မတီဝင် ဦးဇော်ရမ်းက The Voice Daily သို့ ပြောကြားသည်။

“ဒီကိစ္စက တစ်တိုင်းပြည်လုံး သိထားတာကြောင့် ပွင့်လင်းမြင်သာဖြစ်မှ ပြည်သူယုံကြည်မှုရရှိပြီး တရားဥပဒေစိုးမိုးရေးနဲ့ ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကိုမြှင့်တင်နိုင်မှာ ဖြစ်တယ်၊ ရဲတပ်ဖွဲ့အတွင်း ရဲဝန်ထမ်းအချင်းချင်း ဖြစ်ပွားတာ မဟုတ်ဘူး၊ အရပ်သားတွေအပေါ် အနိုင်ကျင့်နှိပ်စက်တာဖြစ်တယ်၊ ဒီလိုဆုံးဖြတ်တာဟာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တောင်းဆိုတာကို မထီမဲ့မြင် ပြုရာရောက်တယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းဖြစ်စဉ်နှစ်ခုမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီနှင့် မေလအတွင်းတို့က ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများဖြစ်ပြီး ရဲတပ်ဖွဲ့အတွင်း ပြစ်မှုပြစ်ဒဏ်ချမှတ်ခြင်းနှင့် အရပ်ဘက်တရားရုံးတို့တွင် မစစ်ဆေးခြင်းအပေါ် ကျေနပ်ဖွယ်ရာမရှိသောကြောင့် တရားမျှတမှုရရှိရေးအတွက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး နစ်နာဆုံးရှုံးမှုဆိုင်ရာကော်မတီ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးတို့ထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာစုံစမ်း ဖော်ထုတ်ရေးကော်မတီထံမှ သိရသည်။

R-12


  • VIA