News

POST TYPE

CRIME & ACCIDENT

၄၅ လမ်း လူသတ်မှုမှ ခိုးယူသွားသည့် မော်တော်ယာဉ် ပြန်တွေ့
08-Oct-2016

ရန်ကုန်၊ အောက်တိုဘာ ၈

ဗိုလ်တထောင်မြို့နယ် ၄၅ လမ်းရှိ ရှစ်လွှာတိုက်ခန်း တစ်ခုတွင် အသက် ၃၂ နှစ်အရွယ် အမျိုးသားကို သတ်ဖြတ်ပြီး ခိုးယူသွားသည့် မတ်တူး ရွှေငါး အဖြူရောင်ယာဉ်ကို အောက်တိုဘာလ ၈ ရက် ညနေ ၄ နာရီခွဲက ဗိုလ်တထောင်မြို့နယ် ၄၃ လမ်းအနီး ကမ်းနားလမ်းပေါ်တွင် ပြန်တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“လူသတ်သမားက ကားပါ ယူသွားတာ။ ကားပြန်တွေ့ပေမယ့် ပြစ်မှု ကျူးလွန်သူကို မမိသေးဘူး”ဟု ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ရှစ်လွှာတိုက်ခန်းအတွင်း ထိုးသွင်း ပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးသူ ကိုအောင်သူမှာ ယင်းတိုက်ခန်းတွင် တစ်ဦးတည်း နေထိုင်သူ ဖြစ်သော်လည်း ယင်းတိုက်ခန်းသို့ အမျိုးသား တစ်ဦးက မကြာခဏ လာရောက်ကာ ၎င်းနှင့်အတူ နေထိုင်ကြောင်း ၄၅ လမ်းအတွင်း နေထိုင်သူ အမျိုးသား တစ်ဦးထံမှ သိရသည်။

“လူသတ်မှု ဖြစ်ပြီးချိန်မှာ အိမ်ကို အမြဲ လာလည်တတ်သူ အမျိုးသားက ပျောက်နေတယ်။ အခုထိ ရှာမရသေးဘူး”ဟု ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိက ဆိုသည်။ 

သေဆုံးသူမှာ အောက်တိုဘာလ ၇ ရက် ညပိုင်းက သာကေတမြို့နယ်ရှိ ၎င်း၏ မိဘနေအိမ်မှ ဖခင်ဖြစ်သူ၏ မတ်တူးရွှေငါး အဖြူရောင်ယာဉ်ဖြင့် ၄၅ လမ်းရှိ ရှစ်လွှာတိုက်ခန်းသို့ ပြန်လာခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။ 

ယင်းနောက် ၎င်း၏ လက်ကိုင်ဖုန်းထံ ဖခင်ဖြစ်သူက ဆက်သွယ်၍ မရသောကြောင့် အောက်တိုဘာလ ၈ ရက် နံနက် ၁ နာရီခွဲက ရဲတပ်ဖွဲ့ထံ အကြောင်းကြားပြီး တိုက်ခန်းအတွင်း ဝင်စစ်ဆေးခဲ့ရာ လက်ဖျံ နှစ်ဖက်တွင် ပြတ်ရှဒဏ်ရာ လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေသည့် ၎င်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

လူသတ်မှု ဖြစ်ပွားခဲ့သည့် ယင်းတိုက်ခန်းတွင် သံပန်းတံခါးမှာ သော့ခတ်ထားပြီး သစ်သားတံခါးမှာ အပြင်မှ ဂျက်ထိုးထားကြောင်း တိုက်ခန်းအတွင်းမှ လူသတ်မှု ကျူးလွန်ခဲ့သည့် ဓားနှင့် သွေးစွန်းနေသော အဝတ်စ သောက်စားထားသည့် ဘီယာပုလင်းများကို တွေ့ရှိခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။


  • VIA