News

POST TYPE

CRIME & ACCIDENT

ပဉ္စမတန်း ကျောင်းသားတစ်ဦး နွားတင်းကုပ် အတွင်း၌ ဓာတ်လိုက်သေဆုံး
08-Oct-2016
တောင်ငူ၊ အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်မြို့ ရွာမ (၂) လမ်း နေအိမ်တစ်အိမ်မှ နောက်ဖေးနွားတင်းကုတ် အတွင်း၌ အောက်တိုဘာ ၇ ရက် နံနက် ၁၁ နာရီခွဲခန့်က အသက် ၁၀ နှစ်အရွယ် ပဉ္စမတန်း ကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့သည်ဟု ညောင်ပင်သာ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

“ကလေးက အခင်းဖြစ်တဲ့ ခြံထဲက ဖြတ်ပြီး ကျောင်းကိုအသွားမှာ မီးကြိုးကို ကိုင်မိတာပါ။ အလောင်းကို ညောင်ပင်သာတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားပါတယ်” ဟု ညောင်ပင်သာ နယ်မြေရဲစခန်းမှူး ရဲအုပ်ခင်စိုးလွင်က ပြောကြားသည်။

သေဆုံးသူမှာ ညောင်ပင်သာမြို့ ရွာမအလယ်တန်းကျောင်း(ခွဲ) နေ အသက် ၁၀ နှစ် အရွယ်ရှိ မောင်သော်ဇင်ထက် (ခ) ကုလားဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားခဲ့သည့်နေ့ နံနက် ၁၁ နာရီခွဲခန့်က ရွာမ ၂ လမ်းရှိ ဦးလှဌေးဆိုသူ၏ နေအိမ်နောက်ဖေးရှိ နွားတင်းကုပ်သို့ သွယ်တန်းထားသည့် လျှပ်စစ်ကြေးကြိုးကို ကိုင်မိရာမှ ဓာတ်လိုက်ကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု ညောင်ပင်သာနယ်မြေ ရဲစခန်း၏ ကနဦး စစ်ဆေးချက်များအရ သိ ရှိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ညောင်ပင်သာ နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၆ ဖြင့် အမှုဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုက် စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။