News

POST TYPE

CRIME & ACCIDENT

လူသတ်မှုဖြင့် ဖမ်းထားသည့် အချုပ်သား ခရိုင်တရားရုံး အချုပ်ခန်းမှ ထွက်ပြေး
07-Oct-2016
လူသတ်မှုဖြင့် ဖမ်းဆီးထားသော အမျိုးသား အချုပ်သားတစ်ဦး မြောက်ပိုင်းခရိုင် တရားရုံး အချုပ်ခန်းမှ အောက်တိုဘာလ ၆ ရက် နံနက် ၁၁ နာရီက ထွက်ပြေး လွတ်မြောက်သွားကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။

ယင်းလွတ်မြောက်သွားသော အချုပ်သားမှာ အသက် ၂၉ နှစ် အရွယ်ရှိ နိုင်လင်းဇော် ဖြစ်ပြီး အင်းစိန်ထောင်မှ မြောက်ပိုင်းခရိုင် တရားရုံးသို့ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် ရုံးထုတ်စဉ် တရားရုံး အချုပ်ခန်းဖောက် ထွက်ပြေးခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

“ညနေ ၃ နာရီလောက်မှာ အချုပ်သားရဲ့ ဇနီးက ဧည့်လာတွေ့လို့ အချုပ်ခန်းထဲ သူနာမည်ခေါ်မှ မရှိတော့မှန်း သိခဲ့တာ။ ထွက်ပြေးသွားတဲ့ အချုပ်သားကို ပြန်ဖမ်းမိဖို့ နယ်မြေအနှံ့ ပိတ်ဆို့ရှာဖွေနေတယ်” ဟု ၎င်းက ဆိုသည်။

အချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက်သွားသော အမျိုးသားမှာ ယခုနှစ် ဇွန်လက လှိုင်သာယာမြို့နယ် အမှတ် ၅ ရပ်ကွက်တွင် ပထွေးဖြစ်သူကို ဓားဖြင့် ခုတ်သတ်ခဲ့သောကြောင့် လှိုင်သာယာ မြို့မရဲစခန်းမှ (ပ) ၁၂၆၅/၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးအရေးယူခဲ့ပြီး မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆို စစ်ဆေးနေသူ ဖြစ်သည်။

ဓာတ်ပုံ - MZL