News

POST TYPE

CRIME & ACCIDENT

အင်းဝ အပ်ချုပ်ဆိုင် မိသားစု သုံးဦး ရှေ့နေ မရှိ၍ အမှု မစစ်နိုင်
07-Oct-2016
ရန်ကုန်၊ အောက်တိုဘာ ၆ 

အိမ်အကူ မိန်းကလေး နှစ်ဦးကို နှိပ်စက်မှုဖြင့် တရား စွဲဆိုခံထားရသည့် အင်းဝ အပ်ချုပ်ဆိုင် မိသားစုဝင် ၆ ဦးအနက် သုံးဦးအတွက် ရှေ့နေ လိုက်ပါ ဆောင်ရွက်မည့်သူ မရှိသောကြောင့် အမှု စစ်ဆေးမှု မစတင်နိုင်သေးကြောင်း အနောက်ပိုင်းခရိုင် တရားရုံးထံမှ သိရှိရသည်။

လူကုန်ကူးမှုပုဒ်မ ၂၄/ ၂၉/ ၃၂ ဖြင့် တရား စွဲဆိုထားသည့် အင်းဝ အပ်ချုပ်ဆိုင် မိသားစုဝင်များမှ ဒေါ်တင်သူဇာ၊ ဒေါ်စုမွန်လတ်နှင့် ဦးရာဇာထွန်းတို့ သုံးဦးဘက်မှ ရှေ့နေလိုက်ပါ ဆောင်ရွက်မည့်သူ      လိုအပ်နေပြီး ဦးကိုလတ်(ခ)မိုဟာမက် ရှဖီး၊ ကိုတင်မောင်လတ်(ခ) ဖိုက်ဇယ်နှင့် ဒေါ်သီရိလတ်တို့ သုံးဦးဘက်မှ လိုက်ပါ ဆောင်ရွက်မည့် ရှေ့နေများက အောက်တိုဘာလ ၆ ရက်နေ့က တရားရုံးတွင် ရှေ့နေပါဝါ တင်ခဲ့ပြီးဖြစ်ကြောင်း အနောက်ပိုင်းခရိုင် တရားရုံးထံမှ သိရှိရသည်။

“ရှေ့နေ ငှားလို့ မရသေးသူ သုံးယောက် ကျန်နေတယ်၊ စွဲဆို ခံထားရတဲ့ ပုဒ်မက သေဒဏ်အထိ အပြစ်ပေးနိုင်တဲ့ ပုဒ်မ ဖြစ်တာကြောင့် ရှေ့နေစုံမှ စစ်ဆေးလို့ ရမယ်၊ တရားစွဲဆို ခံရသူတွေဘက်က ရှေ့နေငှားဖို့ အဆင်မပြေရင် တရားရုံးက စီစဉ်ပေးသွားမှာပါ၊ ကိုယ်တိုင် ရှေ့နေ ငှားမယ်ဆိုရင် နောက်တစ်ပတ် ရုံးချိန်းမှာ ရှေ့နေပါဝါ တင်နိုင်အောင် လုပ်ရမယ်၊ ပါဝါ တင်ပြီးတာနဲ့ တရားလိုကို စစစ်မယ်”ဟု အနောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လူကုန်ကူးမှု ပုဒ်မဖြင့် တရားစွဲဆိုခံ ထားရသော အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် မိသားစုမှာ ကော့မှူးမြို့နယ်၊ ဘောလုံးကွင်း ကျေးရွာတွင် နေထိုင်သော အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် မိန်းကလေး နှစ်ဦးကို ၎င်းတို့အိမ်တွင် အိမ်အကူအဖြစ် လာရောက် လုပ်ကိုင်စဉ် အစာရေစာ မကျွေးဘဲ ထားခြင်း၊ ခန္ဓာကိုယ် ချို့ယွင်း ပျက်စီးအောင် နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ယင်းအပြင် အိမ်အကူ မိန်းကလေး နှစ်ဦး နှိပ်စက်ခံရမှုနှင့် ပတ်သက်၍ ရဲအရေးပိုင်သော ရာဇဝတ်မှုကို တာဝန် ပေါ့လျော့စွာ ဆောင်ရွက်ခဲ့သည့် ခရိုင် ရဲတပ်ဖွဲ့မှူးအပါအဝင် တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင် အဆင့်ဆင့်ကို စုံခုံဖွဲ့ စစ်ဆေး အရေးယူမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက အောက်တိုဘာလ ၃ ရက်နေ့က တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ၄ ဦးကို ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက  အောက်တိုဘာလ  ၆ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန် လိုက်သည်။

အမျိုးသား လူ့အခွင့်အရေး  ကော်မရှင်မှ အဖွဲ့ဝင်များ ဖြစ်ကြသည် ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်၊ ဒေါက်တာ ဒေါ်သန်းနွဲ့၊ နှင့် ဒေါ်မြမြတို့သည် ယင်းတို့၏ သဘောဆန္ဒအလျောက် နုတ်ထွက်စာ တင်ခဲ့ကြကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းကိစ္စရပ်နှင့် ပတ်သတ်၍ နုတ်ထွက်ခွင့် တင်ခဲ့သော ကော်မရှင်အဖွဲ့ဝင် များ၏ လက်ကိုင်ဖုန်းကို ဆက်သွယ်ရာတွင် ခေါ်ဆို၍ မရပေ။

ကျောက်တံတားမြို့နယ် အင်းဝ အပ်ချုပ်ဆိုင်မှ အိမ်အကူ အမျိုးသမီးငယ် နှစ်ဦးကို အိမ်ရှင် မိသားစုက ညှဉ်းပန်းနှိပ် စက်ခံရမှုတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က  လျော်ကြေး သိန်း ၅ဝ ဖြင့် ကြေအေးရန် ကြားဝင် ညှိနှိုင်း ဖြေရှင်းခဲ့သည့်အတွက် လူမှုကွန်ရက် စာမျက်နှာတွင် ဝေဖန် ပြစ်တင်မှု များစွာ ခံခဲ့ရပြီး စက်တင်ဘာလ ၂၂ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း နိုင်ငံသားများ၏ အခွင့်အရေးကို အကာအကွယ် မပေးနိုင်သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်အချို့ကို ထိရောက်စွာ အရေးယူရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆိုကို တင်သွင်းခဲ့သည်။              


  • VIA