News

POST TYPE

CRIME & ACCIDENT

ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မိုက်ကြေးခွဲငွေတောင်းသည့် လူမိုက်ခေါင်းဆောင်ဆိုသူကို ဖမ်းမိ
05-Oct-2016
ရန်ကုန်၊ အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ညောင်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြီး ငွေကျပ် နှစ်သောင်း မိုက်ကြေးခွဲ တောင်းယူခဲ့သော အသက် ၃၄ နှစ်အရွယ် လူမိုက်ခေါင်းဆောင်ဆိုသူအမျိုးသားကို အောက်တိုဘာ ၄ ရက်က ဖမ်းမိခဲ့ကြောင်း ဒလမြို့မရဲစခန်းထံမှ သိရသည်။

လူမိုက်ခေါင်းဆောင်ဟုဆိုသော နိုင်ဝင်းထွန်းမှာ လူသတ်မှုဖြင့် ထောင်ကျရာမှ ပြန်လွတ်လာပြီးနောက် တပည့်များမွေးကာ ညောင်ကုန်းရပ်ကွက်တွင် မင်းမဲ့စရိုက် ဆန်ဆန် အနိုင်ကျင့် ဗိုလ်ကျနေသူဖြစ်ပြီး အောက်တိုဘာ ၃ ရက် ည ၈ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း ဝင်ရောက်၍ အုပ်ချုပ်ရေးမှူး ဦးအောင်ရွှင်ထံ မိုက်ကြေးခွဲ ငွေတောင်းခဲ့ကြောင်း ဒလမြို့မရဲစခန်းမှူး ရဲအုပ်သက်နိုင်က ပြောကြားသည်။

"ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ငွေနှစ်သောင်း မပေးရင် သတ်ပစ်မယ်လို့ နိုင်ဝင်းထွန်းက ခြိမ်းခြောက်ခဲ့တယ်။ အုပ်ချုပ်ရေးမှူးက သူ့ကို ငွေတစ်သောင်း ထုတ်ပေးလိုက်ရတယ်။ ရပ်ကွက်ထဲမှာ သူမိုက်ကြေးခွဲပြီး ငွေတောင်းယူထားတဲ့လူတွေ မနည်းဘူး။ ဖမ်းမိချိန် သောင်းကျန်းနေလို့ အင်းစိန်ထောင် ပို့လိုက်ရတယ်"ဟု ၎င်းက ရှင်းပြသည်။

အဆိုပါအမျိုးသားကို ဒလမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၆/၃၅၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။


  • VIA