News

POST TYPE

CRIME & ACCIDENT

ဒေါ်သိန်းတင်လမ်းပေါ် ဓားကိုင် ရမ်းကားသူ နှစ်ဦးကို သေနတ်ဖြင့် ပစ်ဖမ်း
05-Oct-2016
ရန်ကုန်၊ အောက်တိုဘာ ၅

မင်္ဂလာတောင်ညွန့်မြို့နယ် ဒေါ်သိန်းတင် လမ်းနှင့် ၈၉ လမ်းထောင့်၌ ယနေ့ (အောက်တိုဘာ ၅ ရက်) နံနက် ၁ နာရီက ဓားကိုင် ရမ်းကားနေသော လူငယ် နှစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့မ ရဲစခန်းထံမှ သိရသည်။

မူးယစ်ရမ်းကားနေသူ နှစ်ဦးမှာ ဒေါ်သိန်းတင် လမ်းတွင် နေထိုင်သော အသက် ၁၈ နှစ်အရွယ် သန်းချို (ခ) ဂျမားနှင့် အသက် ၂၃ နှစ်အရွယ် ကျော်ဝင်းထွန်း (ခ) ရှဖီးတို့ဖြစ်ပြီး ဓားကိုယ်စီ ကိုင်ဆောင်၍ ရဲတပ်ဖွဲ့ကို ပြန်လည် ခုခံသောကြောင့် အဓိကရုဏ်း ဖြိုခွင်းရေး သေနတ် အမျိုးအစားဖြင့် ပစ်ဖမ်းခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့မ ရဲစခန်းမှူး ဒုရဲမှူး သန်းဦးက ပြောကြားသည်။

“သူငယ်ချင်း နှစ်ယောက် အရက် အတူ သောက်ပြီး စကားများ ရန်ဖြစ်ရာက ဓားကိုယ်စီ ကိုင်ပြီး စိန်ခေါ်နေလို့ ရဲတပ်ဖွဲ့က သွားထိန်းပေးခဲ့တယ်။ သူတို့ နှစ်ယောက်က အသာတကြည် လက်မခံဘဲ ပြန်ခုခံလို့ သေနတ်နဲ့ ပစ်ဖမ်းခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

သေနတ်ဖြင့် ပစ်ဖမ်းခဲ့သောကြောင့် သန်းချို (ခ) ဂျမား၏ ဘယ်ဘက်ဒူး အထက်တွင် ပေါက်ပြဲ ဒဏ်ရာ ရရှိခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့မ ရဲစခန်းထံမှ သိရသည်။                        



  • VIA