News

POST TYPE

CRIME & ACCIDENT

မန္တလေးတွင် အိမ်အကူ ကလေးငယ် ရေနွေးပူဖြင့် ပက်ခံရ
03-Oct-2016

မန္တလေး၊ အောက်တိုဘာ ၃

မန္တလေးမြို့တွင် အိမ်အကူအဖြစ် ခေါ်ယူထားသော ၁၂ နှစ်အရွယ် ယောကျ်ားလေးကို ရေနွေးပူဖြင့် ပက်သောကြောင့် ကလေးမှာ ထွက်ပြေးလာသဖြင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ စောင့်ရှောက်ထားကာ လက်ရှိတွင် အိမ်ရှင်ကို အမှုဖွင့် တိုင်ကြားထားကြောင်း တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ကလေးက မနက်အစောကြီး အိမ်က ထွက်ပြေးတာကို ဘေးက ဘဏ်လုံခြုံရေး ဝန်ထမ်း တစ်ဦးက တွေ့ပြီး အကြောင်းစုံ မေးမြန်းတယ်။ ပြီးတော့ လူမှုဝန်ထမ်း ဟော့လိုင်း ဖုန်းနံပါတ်ကို ဆက်သွယ် အကြောင်း ကြားခဲ့တယ်။ အဲဒီအတွက်   ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် တိုင်းကို အကြောင်း ကြားပြီး အဆင့်ဆင့် ဆောင်ရွက်ပေးနေပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

ကလေးငယ်မှာ အသက် ၁၂ နှစ်အရွယ်ဖြစ်ပြီး မန္တလေးမြို့ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့် အနီးရှိ နေအိမ်တွင် အိမ်အကူအဖြစ် တစ်လလျှင် ကျပ် လေးသောင်းဖြင့် လုပ်ကိုင် နေသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်ကြောင်း၊ ယခင်ကလည်း ရိုက်နှက် ခံရမှုများရှိပြီး ယခု တစ်ကြိမ်တွင် နေအိမ်မှ ထွက်ပြေးခဲ့ခြင်း၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် နှိပ်စက်ခံရပြီး ၂၉ ရက်တွင် ထွက်ပြေးလာခြင်း ဖြစ်ကြောင်း နှိပ်စက်ခံရသည့် ကလေးငယ်၏ ပြောပြချက်ကို ၎င်းက ပြန်လည် ပြောဆိုသည်။

“လက်ရှိမှာတော့ ကျွန်မက တရားလိုအဖြစ် အမှတ် (၃) ရဲစခန်းမှာ တိုင်ကြားထားတယ်။ အခု စစ်ချက် ယူနေပါတယ်။ ကလေးရဲ့ မိဘတွေကလည်း မတ္တရာဘက်ကနေ အခု ရောက်နေပါပြီ”ဟု မိဘများ ကိုယ်စား တရားလိုအဖြစ် တိုင်ကြားထားသည့် လူမှုဝန်ထမ်း ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်လက် ဆောင်ရွက်ရန်နှင့် အလားတူ ဖြစ်ရပ်များ မဖြစ်ပွားစေရန်အတွက် အောက်တိုဘာလ ၄ ရက်နေ့ ချမ်းအေးသာစံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရှိရသည်။


  • VIA