News

POST TYPE

CRIME & ACCIDENT

ရွှေပြည်သာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆဲဆိုခြိမ်းခြောက်မှုဖြင့် အမှုဖွင့်ခံရ
03-Oct-2016
ရန်ကုန်၊ အောက်တိုဘာ ၃

ရွှေပြည်သာမြို့နယ် သစ္စာပန်းခြံလမ်းရှိ Motel Shwe Pyi Tar ဟိုတယ်ဝန်ထမ်းများကို ဆဲဆိုခြိမ်းခြောက်မှုဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်းအား အမှုဖွင့် တိုင်ကြားထားကြောင်း ရွှေပြည်သာ မြို့မရဲစခန်းထံမှ သိရသည်။

ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်းမှာ အောက်တိုဘာလ ၁ ရက် ည ၁၁ နာရီက ရွှေပြည်သာမြို့နယ် ၈ ရပ်ကွက် သစ္စာပန်းခြံလမ်းရှိ Motel Shwe Pyi Tar သို့ ယခင် မြို့နယ်စည်ပင်ဥက္ကဋ္ဌ ဖြစ်သူ ဦးကိုနိုင် အသက် ၄၀ ဝန်းကျင်ရှိ အမည်မသိ အမျိုးသားတစ်ဦးတို့နှင့်အတူ ကာရာအိုကေဆိုရန် ရောက်ရှိလာခဲ့ရာ ဟိုတယ်ဝန်ထမ်းများက တံခါးမဖွင့် ပေးသဖြင့် အချင်းများခဲ့ခြင်းဖြစ်ကြောင်း ရွှေပြည်သာ မြို့မရဲစခန်းထံမှ သိရသည်။

“ဦးဉာဏ်လင်းတို့အဖွဲ့က ကာရာအိုကေဆိုမယ် ပြောပြီး ဟိုတယ်တံခါး ဖွင့်ခိုင်းတယ်။ ဟိုတယ်တာဝန်ရှိသူက မဖွင့်ပေးတော့ နှစ်ဖက် စကားများကြတယ်။ ဖုန်းဆက်ခေါ်လို့ ကျွန်တော် ဟိုတယ်ဆီ လိုက်သွားပြီး ပြသနာ မဖြစ်အောင် ဝင်ထိန်းပေးခဲ့တယ်” ဟု အမှတ် ၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတိုးကြီးက ပြောကြားသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတိုးကြီးမှ ယခုရောက်နေသည့် သုံးဦးမှာ လူကြီးလူကောင်းများ ဖြစ်ကြောင်း ဟိုတယ်တာဝန်ရှိသူထံ ပြောပြခဲ့သောကြောင့် ၎င်းတို့ကို ဟိုတယ်အတွင်း ဝင်ခွင့်ပြုခဲ့ကြောင်း ယင်းနောက် ဦးဉာဏ်လင်း အပါအဝင် သုံးဦးနှင့် ဟိုတယ်ဝန်ထမ်းများ နှစ်ဖက်စကားများ ရန်ဖြစ်ခဲ့ပြီး ဟိုတယ်မန်နေဂျာ ဖြစ်သူက ရွှေပြည်သာ မြို့မရဲစခန်းတွင် ခြိမ်းခြောက်ဆဲဆိုမှုဖြင့် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဟိုတယ်တာဝန်ရှိသူတွေဆီမှာ ဗီဒီယို မှတ်တမ်းတွေ ရှိတယ်။ တိုင်ကြားခံရတဲ့ ဦးဉာဏ်လင်းတို့အဖွဲ့ သုံးယောက်က အဲ့ဒီညက အရက်မူးနေတယ်။ ကျွန်တော်က ပြသနာ မဖြစ်ရအောင် ဝင်ထိန်းပေးခဲ့တာပါ” ဟု ဦးတိုးကြီးက ရှင်းပြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်း အပါအဝင် သုံးဦးကို ရွှေပြည်သာ မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၅၀၆ / ၁၁၄ ဖြင့် အမှုဖွင့် တိုင်ကြားခံရခြင်းနှင့် ပတ်သက်၍ မေးမြန်းရန် ဦးဉာဏ်လင်း၏ လက်ကိုင်ဖုန်းသို့ အကြိမ်ကြိမ် ခေါ်ဆိုခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။