News

POST TYPE

CRIME & ACCIDENT

ရန်ကုန်တွင် ကိုးလအတွင်း လူသတ်မှု ၁၂၅ မှုဖြစ်
03-Oct-2016
ရန်ကုန်၊ အောက်တိုဘာ ၂

မှုခင်းအဖြစ်ပွားဆုံး မြို့တော်ဖြစ်သည့် ရန်ကုန်တွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ကိုးလအတွင်း လူသတ်မှုပေါင်း ၁၂၅ မှု ဖြစ်ပွားခဲ့သည်။

ယင်းအမှုများတွင် အများပြည်သူ စိတ်ဝင်စားသည့် မင်္ဂလာဒုံမြို့နယ် လေးလောင်းပြိုင် လူသတ်မှု အပါအဝင် အခြားလူသတ်မှုဖြစ်စဉ် အချို့ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“လူသတ်မှု အတော်များများကို ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်၊ မဖော်ထုတ်နိုင်သေးတဲ့ လူသတ်မှုအချို့ကို စီအိုင်ဒီအဖွဲ့နဲ့ ပူးပေါင်းပြီး အမှုမှန် အမြန်ဖော်ထုတ်နိုင်အောင် ဆောင်ရွက်နေတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၄ ခုနှစ်က လူသတ်မှု ၁၈၆ မှု၊ ၂၀၁၅ ခုနှစ်က လူသတ်မှု ၁၉၁ မှု ဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင်မူ မှုခင်းကျဆင်းရေး စီမံချက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က မြို့နယ်အနှံ့တွင် ပြည်သူလူထုနှင့် ပူးပေါင်း၍ မှုခင်းအသိပညာပေး လုပ်ငန်းစဉ်များကို အရှိန်မြှင့်တင် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

“လူသတ်မှုဖြစ်စဉ် အများစုက အရက်ကြောင့်ဖြစ်တာ၊ အရက်မူးပြီး စကားများ ရန်ဖြစ်ရာက လက်လွန်ပြီး လူသတ်မှုတွေ ဖြစ်ကုန်တာ၊ အရက်ဆိုးကျိုးကို ပြည်သူလူထုသိပြီး ဆင်ခြင်နိုင်အောင်  ရပ်ရွာအနှံ့မှာ မှုခင်းအသိပညာပေး ဆွေးနွေးပွဲတွေ ဆောင်ရွက်နေတယ်၊ အရက်ပုန်းဆိုင်တွေလည်း စီမံချက်နဲ့ လိုက်လံဖမ်းဆီးနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယခုနှစ် ကိုးလအတွင်း လူသတ်မှုအပြင် မုဒိမ်းမှု ၁၄၉ မှု၊ လုယက်မှု ၁၂၅ မှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းအပြင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဒဂုံစစ်ဆင်ရေးဖြင့် ဆောင်ရွက်ခဲ့ရာ မူးယစ်အမှုပေါင်း ၆၈၀ အမှုမှ ပြစ်မှုကျူးလွန်သူ ၉၉၉ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။ 

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ် သြဂုတ်လအထိ လူသတ်မှုပေါင်း ၈၈၂ မှု ဖြစ်ပွားခဲ့ပြီး ယင်းအမှုများမှ မင်္ဂလာဒုံမြို့နယ် နှစ်လောင်းပြိုင် လူသတ်မှု၊ တာမွေမြို့နယ် နှစ်လောင်းပြိုင် လူသတ်မှု၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၃ လမ်းရှိ တိုက်ခန်းအတွင်း အဘွားအို အသတ်ခံရမှု၊ ဒေါပုံမြို့နယ် ငမိုးရိပ်ချောင်းအတွင်း ခြောက်နှစ် ကလေးငယ် ခေါင်းဖြတ်သတ်ခံရမှုများနှင့် ယခု လူထုစိတ်ဝင်စားနေသည့် မင်္ဂလာဒုံမြို့နယ် လေးလောင်းပြိုင် လူသတ်မှုတို့မှ ကျူးလွန်သူများကို လက်ရှိအချိန်အထိ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း မှတ်တမ်းများအရ သိရသည်။