News

POST TYPE

CRIME & ACCIDENT

GPS မပိတ်မိသည့် ဖောက်ထွင်းဝိဇ္ဇာကို ခြေရာခံ ဖမ်းမိ
02-Oct-2016

ရန်ကုန်၊ အောက်တိုဘာ ၂

မင်္ဂလာတောင်ညွန့်နှင့် တောင်ဥက္ကလာပမြို့နယ်တို့ရှိ နေအိမ်များကို ဖောက်ထွင်းပြီး လက်ဝတ်ရတနာ ပစ္စည်းများနှင့် လက်ကိုင်ဖုန်းများ ခိုးယူခဲ့သော အသက် ၁၈ နှစ်အရွယ် ဖောက်ထွင်းဝိဇ္ဇာ အမျိုးသားတစ်ဦးကို ဖုန်း GPS မှ တစ်ဆင့် ခြေရာခံ ဖမ်းမိခဲ့သည်။

ခိုးယူသွားသည့် ဖုန်းတွင် ဖွင့်ထားသော GPS ကို မပိတ်ထားသဖြင့် စက်တင်ဘာလ ၂၉ ရက်က တာမွေမြို့နယ်၊ ဖိုးစိန်လမ်းတွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“သူခိုးယူခဲ့တဲ့ လက်ကိုင်ဖုန်း တစ်လုံးမှာ GPS ဖွင့်ထားတဲ့ ဖုန်းတစ်လုံးပါတယ်၊ အဲ့ဒီဖုန်းက တာမွေမြို့နယ်၊ ဖိုးစိန်လမ်းပေါ်မှာ ညွှန်ပြနေတာကြောင့် သူ့ကို လိုက်လံရှာဖွေပြီး ဖမ်းဆီးနိုင်ခဲ့တာပါ၊ အခြားခိုးမှုတွေ ကျူးလွန်ထားတာ ရှိမရှိ ထပ်မံစစ်ဆေးနေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဖမ်းမိခဲ့သော အသက် ၁၈ နှစ်အရွယ် ကျော်ကျော် (ခ) စိုးပိုင်မှာ ဇူလိုင်လ ၄ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ လက်ကိုင်ဖုန်း နှစ်လုံးကို ခိုးယူခဲ့ပြီး စက်တင်ဘာလ ၂၇ ရက် ညပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ (၅) ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ စိန်နှစ်ပွင့်၊ လက်ကိုင်ဖုန်း နှစ်လုံး၊ ရွှေငါးပုံ ပယင်းဆွဲသီး တစ်ခုတို့ကို ထပ်မံခိုးယူခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းဖမ်းမိခဲ့သော အမျိုးသားကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈ဝ၊ တောင်ဥက္ကလာပ မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈ဝ/ ၅၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းမြို့နယ် ရဲစခန်းများထံမှ သိရှိရသည်။


  • VIA