News

POST TYPE

CRIME & ACCIDENT

တရားသူကြီး၏ လက်ကိုင်အိတ် အလုခံရမှု ခရိုင်ရဲတပ်ဖွဲ့ အပူတပြင်း စုံစမ်းနေ
01-Oct-2016
မြစ်ကြီးနား၊ အောက်တိုဘာ ၁

ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီး ကိုင်ဆောင်ထားသော ပိုက်ဆံအိတ် မြစ်ကြီးနားမြို့ မြို့လယ်ကောင်၌ စက်တင်ဘာ ၂၉ရက်နေ့ နံနက် ၁၀နာရီက အမည်မသိ လူနှစ်ဦးက လုယူသွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ခရိုင်ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းရှာဖွေလျက်ရှိကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးက ပြောကြားသည်။
“အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အခု မြစ်ကြီးနားခရိုင် ရဲတွေက အပူတပြင်း ဆောင်ရွက်နေပြီ။ လမ်းထောင့်လူများနေတဲ့ နေရာမှာပါ အားလုံး ဖမ်းမိနိုင်ရေး ဆောင်ရွက်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

ကချင်ပြည်နယ် လွှတ်တော်တရားသူကြီး ဒေါ်ပြုံးပြုံးအေးသည် နေအိမ်မှ ဈေးဝယ်ရန် ကားဖြင့်ထွက်လာပြီး မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်ရှိ မြတ်မွန်ဆေးဆိုင်သို့ ဆေးဝယ်ရန် လမ်းဖြတ်ကူးစဉ် မြစ်ကြီးနား ရတားဘူတာဘက်မှ အမည်မသိ လူနှစ်ဦး စီးလာသည့် ဆိုင်ကယ်က တရားသူကြီး ကိုင်ဆောင်ထားသည့် ပိုက်ဆံအိတ်ကို လူယူသွားခဲ့ကြောင်း၊ ပိုက်ဆံအိတ်ထဲတွင် ငွေကျပ်သိန်း ၄၈ သိန်းကျော်နှင့် ရွှေရောင်လက်ကိုင်ဖုန်းတစ်လုံး၊ မှတ်ပုံတင်၊ တရားသူကြီး မှတ်ပုံတင်ကတ်နှင့် ရွှေထည်လက်ဝတ်ရတနာအချို့ ပါသွားကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရသည်။

မြစ်ကြီးနားမြို့တွင်း လူစည်ကားရာ နေရာများနှင့် ညနေလူပါးချိန်များတွင် အုပ်စုဖွဲ့ လုယက်မှုနှင့် ငွေတောင်းယူမူများ ကြုံတွေ့နေရကြောင်း မြစ်ကြီးနားမြို့ ဒေသခံများက ပြောဆိုသည်။

တရားသူကြီး၏ ပိုက်ဆံအိတ် လုယက်ခံရမှုနှင့် ပတ်သက်၍ (ပ) ၂၀၅/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂အရ အမှုဖွင့်ထားပြီး တရားခံများကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။