News

POST TYPE

CRIME & ACCIDENT

အကယ်ဒမီ မေသန်းနုကို ဂရန်အတုဖြင့် မြေရောင်းချမှုအတွက် ဖြေရှင်းပေးရန် ဝယ်ယူသူက ကြေညာချက် ထုတ်
29-Sep-2016

ရန်ကုန်၊ စက်တင်ဘာ ၂၉

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မေသန်းနုကို မြေငှားဂရန် စာချုပ် အတုဖြင့် ကျပ်သိန်း ၄၀၀၀ မြေကွက်ကို ရောင်းချခဲ့သောကြောင့် ခုနှစ်ရက်အတွင်း လူချင်းတွေ့ဆုံ ဖြေရှင်းပေးရန်  စက်တင်ဘာလ ၂၉ ရက်နေ့က နိုင်ငံပိုင် သတင်းစာတွင် ဝယ်ယူသူက အများသိစေရန် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။


ကျပ်သိန်း ၄၀၀၀ ဖြင့် ရောင်းချခဲ့သည့် မြေနေရာမှာ ရန်ကင်းမြို့နယ်၊ ၁၅ ရပ်ကွက်၊ အနီယာလမ်းရှိ နှစ် ၆၀ မြေငှားဂရန် အမျိုးအစား မြေကွက်ဖြစ်ပြီး ယခုနှစ် ဇွန်လ ၁ ရက်နေ့က ဒေါ်နှင်းလဲ့အောင်မှ ဝယ်ယူခဲ့ကြောင်း၊ ငွေချေစဉ် ဒေါ်သန်းသန်းဆင့် (ခ) မေသန်းနု၏ လက်မှတ်နှင့် လက်ဗွေပါ စာချုပ်ကို ပြသညွှန်ကြားထားကြောင်း ယင်းကြေညာချက်အရ သိရှိရသည်။

ရန်ကုန်မြို့ စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် ဒေါ်သန်းသန်းဆင့် (ခ) မေသန်းနု၏ အမည်ပေါက် မြေငှားဂရန် စာချုပ်မူရင်းဟု အဆိုရှိပြီး ဝယ်ယူသူ ဒေါ်နှင်းလဲ့အောင်၏ ခင်ပွန်းဖြစ်သူ ဦးစိုးလင်းထက်ကို ပြန်လည် ရုပ်သိမ်းခွင့် မရှိသည့် အထူး ကိုယ်စားလှယ် လွှဲစာဖြင့် လွှဲအပ်ခဲ့ကြောင်း ယင်းကြေညာချက် လွှဲအပ် လက်ခံ ဆောင်ရွက်နေသည့် ရှေ့နေဦးစိန်မြင့်က ပြောကြားသည်။

“ငွေချေပြီး အရောင်းအဝယ် မှတ်ပုံတင် စာချုပ်ပြုလုပ်ဖို့ သက်ဆိုင်ရာ မြေပုံရာဇဝင် ကူးယူနိုင်ရေး ဆောင်ရွက်တဲ့ အချိန်မှ မြေငှားဂရန် စာချုပ်က ပိပိရိရိနဲ့ ဖန်တီးထားတဲ့ စာချုပ်အတု ဖြစ်နေမှန်း သိခဲ့ရတယ်၊ စုံစမ်းကြည့်တော့ စာချုပ် မူရင်းက ဘဏ်တစ်ခုမှာ အပေါင်ထားပြီး ငွေချေးထားကြောင်း သိခဲ့ရလို့ မေသန်းနုကို ခုနှစ်ရက်အတွင်း လူချင်း တွေ့ဆုံ ဖြေရှင်းပေးဖို့ သတင်းစာမှာ ကြေညာချက် ဖော်ပြခဲ့တာပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ကြေညာချက်နှင့် ပတ်သက်၍ ရုပ်ရှင်သရုပ်ဆောင် မေသန်းနုထံ ဆက်သွယ် မေးမြန်းခဲ့ရာတွင် လတ်တလော ယင်းကိစ္စနှင့် ပတ်သက်၍ ပြန်လည် ဖြေကြားပေးနိုင်ခြင်း မရှိသေးကြောင်း ဖြေကြားခဲ့သည်။

အဆိုပါ ရုပ်ရှင်သရုပ်ဆောင် မေသန်းနုကို စက်တင်ဘာလ ၈ ရက်နေ့က ကမာရွတ်မြို့နယ်တွင် နေထိုင်သော ဒေါ်စန်းစန်းမြင့်က ကျပ်သိန်း ၄၀၀ လိမ်လည်မှုဖြင့် ရန်ကင်း မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။


  • VIA