News

POST TYPE

CRIME & ACCIDENT

မှုခင်းသတင်းထောက်များအသင်း သတင်းမီဒီယာကောင်စီကို တောင်းပန်
08-Jun-2018
ရန်ကုန်၊ ဇွန် ၇

မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း (MCRA) ဥက္ကဋ္ဌ ဦးသက်နိုင်ဦးသည် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီရုံးတွင် ကောင်စီဝင်အချို့အပေါ် ၎င်း၏ပြောဆိုရေးသားချက်နှင့်ပတ်သက်၍ လာရောက်တောင်းပန်ခဲ့ကြောင်း သတင်းမီဒီယာကောင်စီက သတင်းထုတ်ပြန်သည်။

ထိုသို့တောင်းပန်ခဲ့သည့်အပြင် အသင်းဝင်များ၏လုပ်ဆောင်မှုများနှင့် ပတ်သက်၍ သတင်းစာကျင့်ဝတ်နှင့် မညီပါက ထိန်းသိမ်းအပြစ်ပေးမည်ဖြစ်ကြောင်း သတင်းမီဒီယာကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန်လ ၇ ရက် မွန်းလွဲပိုင်းက ဦးသက်နိုင်ဦး ဦးဆောင်၍ သတင်းမီဒီယာကောင်စီရုံးသို့ လာရောက်ခဲ့ပြီး ကောင်စီဝင်များနှင့်တွေ့ဆုံညှိနှိုင်းကာ အထက်ပါအတိုင်း တောင်းပန်ခဲ့ခြင်းဖြစ်သည်။

“သူအရင်က ပြောဆိုရေးသားတာတွေနဲ့ပတ်သက်ပြီး လာတွေ့တာပါ။ သူ ပြောဆိုခဲ့တာတွေကို ပြန်ရုပ်သိမ်းကြောင်းနဲ့ သတင်းသမားလုပ်မယ်ဆိုရင် ကျင့်ဝတ်အတိုင်း လိုက်နာပါ့မယ်ဆိုပြီး ပြောသွားတယ်။ ကောင်စီဘက်ကတော့ သူတို့ကို ဆက်စောင့်ကြည့်သွားမှာပါ။ ကောင်စီက အရင်သူတို့နဲ့ပတ်သက်ပြီး ကြေညာထားတာကိုတော့ မရုပ်သိမ်းသေးပါဘူး” ဟု ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ဆိုသည်။

၎င်းအသင်း (MCRA) ကို သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာမှုမရှိသဖြင့် သတင်းမီဒီယာအဖွဲ့အစည်းမဟုတ်ကြောင်း ဇွန်လ ၄ ရက်တွင် သတင်းမီဒီယာ ကောင်စီကကြေညာထားပြီးအဆိုပါ ကြေညာချက်ကို ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့အသီးသီးနှင့် ဝန်ကြီးဋ္ဌာန အသီးသီးသို့ ပို့ဆောင်ထားသည်။

ယင်းသို့ သတင်းမီဒီယာကောင်စီ၏ ကြေညာချက်နှင့်ပတ်သက်၍ မှုခင်းသတင်းထောက်များအသင်းသည် ပြည်ထဲရေးဝန်ကြီးဌာန၌ တရားဝင်မှတ်ပုံတင်ထားသော အဖွဲ့ဖြစ်သောကြောင့် မီဒီယာကျင့်ဝတ်များနှင့် မီဒီယာဥပဒေများကို လိုက်နာရန် မလိုအပ်ကြောင်း MCRA ဥက္ကဋ္ဌ ဦးသက်နိုင်ဦးက သတင်းမီဒီယာများကို ပြောဆိုထားသည်။

ထိုအသင်းသည် တစ်နိုင်ငံလုံးအနှံ့အပြားတွင် အဖွဲ့ဝင်များ ထောင်ဂဏန်းကျော်ရှိပြီး နယ်ဘက်ဒေသများတွင် သတင်းနှင့်ပတ်သက်၍ ငွေကြေးတောင်ခံမှုများရှိသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီးမှုခင်း အထူးသတင်းထောက်များအဖွဲ့၊ မှုခင်းသတင်းတပ်ဖွဲ့၊ မှုခင်းကူညီမှု ပရဟိတအဖွဲ့စသော နာမည်များဖြင့် နယ်ဒေသများတွင် ဖွဲ့စည်းလုပ်ကိုင်ကြကာ ရဲတပ်ဖွဲ့ယူနီဖောင်းနှင့် သဏ္ဌာန်တူယူနီဖောင်းများ ဝတ်ဆင်မှုများရှိသည်။

ငွေကြေးတောင်းခံမှု၊ လာဘ်စားမှုများနှင့်ပတ်သက်၍ သတင်းမီဒီယာကောင်စီထံ တိုင်ကြားမှုများရှိပြီး တိုင်ကြားမှုများကို လာရောက်ဖြေရှင်းရန် MCRA ဥက္ကဋ္ဌ ရှုထောင့်မှုခင်းသတင်းဂျာနယ် အယ်ဒီတာချုပ်ဦးသက်နိုင်ဦးကို မေလ ၃၁ ရက်က ဆင့်ခေါ်ခဲ့သော်လည်း ကိုယ်တိုင်လာရောက်ခြင်း မရှိဘဲ ကိုယ်စားစေလွှတ်ခဲ့သဖြင့် ၎င်းကိုယ်တိုင်လာရောက် ဖြေရှင်းရန် ထပ်မံဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

ဝေလင်း