News

POST TYPE

CRIME & ACCIDENT

မှုခင်းသတင်းထောက်များအသင်းကို သတင်းမီဒီယာအဖွဲ့အစည်းမဟုတ်ကြောင်း သတင်းမီဒီယာကောင်စီ ကြေညာ
05-Jun-2018
ရန်ကုန်၊ ဇွန် ၄

မှုခင်း သတင်းထောက်များအသင်း (MCRA) ကို သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာမှုမရှိသောကြောင့် သတင်းမီဒီယာအဖွဲ့အစည်း မဟုတ်ကြောင်း ဇွန်လ ၄ ရက်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြေညာလိုက်သည်။

သတင်းမီဒီယာ ဥပဒေပါ ကျင့်ဝတ်အမှတ် ၂၁ တွင်ပါဝင်သော သတင်းမီဒီယာ လုပ်ကိုင်သူသည် ရဲတပ်ဖွဲ့နှင့် အခြားအာဏာပိုင်အဖွဲ့အစည်းများအား သတင်းပေးအဖြစ် ဆောင်ရွက်ခြင်းမပြုရန်နှင့် ပုံနှိပ်ဖော်ပြခြင်းနှင့် ထုတ်လွှင့်ပြသထားခြင်းမရှိသော သတင်းအချက်အလက်များကို လုံခြုံရေးအာဏာပိုင်များဆီ လွှဲပြောင်းမပေးအပ်ရန် စသောအချက်များကို MCRA အသင်း၏ရည်ရွယ်ချက်က ဖောက်ဖျက်ထားကြောင်း သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောကြားသည်။

“သူတို့အသင်းဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်မှာကိုက မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့ကို ကူညီဆောင်ရွက်မယ်ဆိုတာက ရဲနဲ့သတင်းဖလှယ်ကြမယ်။ ဒါကိုက ကျင့်ဝတ်အမှတ် ၂၁ မှာပါတဲ့ ရဲသတင်း မလုပ်ရဘူးဆိုတာကို ဖောက်ဖျက်နေတာပဲ”ဟု ဦးအုန်းကြိုင်က ရှင်းပြသည်။ 

မှုခင်းသတင်းထောက်များအသင်း (MCRA) နှင့်ပတ်သက်၍ ငွေကြေးလာဘ်ယူမှုများကို မီဒီယာကောင်စီသို့ နယ်အသီးသီးမှ တိုင်ကြားစာအမြောက်အမြား ရောက်ရှိထားသည့်အပြင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ အခြားဌာနဆိုင်ရာများထံသို့လည်း တိုင်ကြားမှုများရှိကြောင်း ပြန်လည်ကြားသိရသည်ဟု သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များက ပြောသည်။

ထိုအသင်းသည် တစ်နိုင်ငံလုံးအနှံ့အပြားတွင် အဖွဲ့ဝင်များ ထောင်ဂဏန်းကျော်ရှိပြီး နယ်ဘက်ဒေသများတွင် သတင်းနှင့်ပတ်သက်၍ ငွေကြေးတောင်းခံမှုများရှိသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး မှုခင်းအထူး သတင်းထောက်များအဖွဲ့၊ မှုခင်းသတင်းတပ်ဖွဲ့၊ မှုခင်းကူညီမှုပရဟိတအဖွဲ့ စသောနာမည်များဖြင့် နယ်ဒေသများတွင် ဖွဲ့စည်းလုပ်ကိုင်ကြကာ ရဲတပ်ဖွဲ့ ယူနီဖောင်းနှင့် သဏ္ဌာန်တူယူနီဖောင်းများ ဝတ်ဆင်မှုများရှိသည်။

“ဒီအဖွဲ့အစည်းက နာမည်အမျိုးမျိုး တပ်တယ်၊ မီဒီယာကောင်စီကို အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ ဘာအချက်အလက်မှ ပေးပို့ထားတာမရှိဘူး။ အဖွဲ့ဝင် ဘယ်လောက်ရှိတယ်ဆိုတာလဲ မသိဘူး။ လာဘ်ယူတယ်ဆိုတာက သတင်းမီဒီယာအတွက် သိက္ခာကျလို့ အခုလိုကြေညာတာ။ ရှေ့ဆက်လည်း ဥပဒေအရ အရေးယူဖို့ ဆက်လုပ်သွားမယ်”ဟု ဦးအုန်းကြိုင်က ဆက်လက်ရှင်းပြသည်။

သတင်းမီဒီယာကောင်စီထံ တိုင်ကြားမှုများကို လာရောက်ဖြေရှင်းရန် MCRA ဥက္ကဋ္ဌ ရှုထောင့်မှုခင်းသတင်းဂျာနယ် အယ်ဒီတာချုပ်ဦးသက်နိုင်ဦးကို မေလ ၃၁ ရက်က ဆင့်ခေါ်ခဲ့သော်လည်း ကိုယ်တိုင်လာရောက်ခြင်းမရှိဘဲ ကိုယ်စားစေလွှတ်ခဲ့ပြီး ၎င်းကိုယ်တိုင် လာရောက်ဖြေရှင်းရန် ထပ်မံဆင့်ခေါ်ခဲ့သော်လည်း လာရောက်ဖြေရှင်းခြင်းမရှိကြောင်း သတင်းမီဒီယာကောင်စီထံမှ သိရသည်။

ယင်းသို့ သတင်းမီဒီယာကောင်စီ၏ ကြေညာချက်နှင့်ပတ်သက်၍ မှုခင်းသတင်းထောက်အဖွဲ့များသည် ပြည်ထဲရေးဝန်ကြီးဌာန၌ တရားဝင်မှတ်ပုံတင်ထားသော အဖွဲ့ဖြစ်သောကြောင့် မီဒီယာကျင့်ဝတ်များကို လိုက်နာရန်မလိုအပ်ကြောင်း MCRA ဥက္ကဋ္ဌ ဦးသက်နိုင်ဦးက ပြောကြားသည်။

“ဒီကိစ္စက အစကတည်းက လွဲနေတာဗျ။ ကျွန်တော်တို့က ပြည်ထဲရေးဝန်ကြီးဌာနမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းပါ။ အဲ့တော့ ကျွန်တော်တို့ဟာ စာနယ်ဇင်းကောင်စီနဲ့ မဆိုင်ပါဘူး။ကျွန်တော်တို့ဟာ ကိုယ့်အဖွဲ့ ကိုယ့်စည်းမျဉ်းနဲ့ ရပ်တည်နေတာမို့ စာနယ်ဇင်းကောင်စီရဲ့ ကျင့်ဝတ်တွေက ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး”ဟု ဦးသက်နိုင်ဦး ပြန်လည်ချေပပြောဆိုသည်။

သတင်းမီဒီယာကောင်စီသည် စာနယ်ဇင်းသမားများနှင့်စပ်လျဉ်း၍ မီဒီယာ ဥပဒေပါ ပြဋ္ဌာန်းများနှင့်အညီ လွတ်လပ်စွာဆောင်ရွက်ပေးနိုင်သော တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ကြောင်း သတင်းမီဒီယာဥပဒေ၌ ပါရှိပြီး သတင်းမီဒီယာနှင့်ပတ်သက်သည့် အငြင်းပွားမှုများကို သတင်းမီဒီယာကောင်စီက ကြားဝင်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်သည်။ 

ဝေလင်း 



  • VIA