News

POST TYPE

CRIME & ACCIDENT

စင်ကာပူတွင် လောင်းကစားလုပ်သူအရေအတွက် မြင့်တက်
28-Mar-2018


စင်ကာပူ၊ မတ် ၂၇

ယမန်နှစ်အတွင်း စင်ကာပူနိုင်ငံတွင် လောင်းကစားလုပ်သူအချိုးမှာ လွန်ခဲ့သော သုံးနှစ်ကထက် မြင့်တက်လာခဲ့ကြောင်း လောင်းကစားပြဿနာဆိုင်ရာ အမျိုးသားကောင်စီ (NCPG) က ပြုလုပ်သော စစ်တမ်းတစ်ရပ်ကို ကိုးကားပြီး CNA သတင်းကဖော်ပြသည်။ 

ပြီးခဲ့သည့် ဆယ်စုနှစ်က လောင်းကစားလုပ်သူအရေအတွက် ကျဆင်းသွားခဲ့ရာမှ ယခုအခါ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

အသက် ၁၈ နှစ်နှင့်အထက် စင်ကာပူနိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်သူများ၏ ၅၂ ရာခိုင်နှုန်းသည် ယမန်နှစ်က အနည်းဆုံးတစ်ကြိမ် လောင်းကစားလုပ်ခဲ့ကြပြီး ၂၀၁၄ ခုနှစ်က ၄၄ ရာခိုင်နှုန်းသာ ရှိရာမှ မြင့်တက်လာခြင်းဖြစ်သည်ဟု စစ်တမ်းက ဖော်ပြသည်။

စင်ကာပူနေ တရုတ်လူမျိုးများ လောင်းကစားမှုမြင့်တက်လာခြင်းက အဓိကအချက်ဖြစ်ပြီး 4D၊ Toto စသည့် ထီများဝယ်ယူခြင်း၊ လူမှုရေး ဆက်နွှယ်လောင်းကစားမှုများ (ဥပမာ-ဖဲရိုက်ခြင်း) မြင့်တက်လာခဲ့သည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။ သို့သော်လည်း ၂၀၀၅ ခုနှစ် စစ်တမ်းကောက်ယူစဉ်မှစ၍ ပြီးခဲ့သည့် ၁၂ နှစ်တာအတွင်း နှိုင်းယှဉ်ကြည့်ပါကမူ သိသိသာသာ ပြောင်းလဲသွားခြင်းမရှိဟု NCPG က သုံးသပ်သည်။

လောင်းကစားလုပ်မှုမှာ ၂၀၀၅ တွင် ၅၈ ရာခိုင်နှုန်း၊ ၂၀၀၈ တွင် ၅၄ ရာခိုင်နှုန်း၊ ၂၀၁၁ တွင် ၄၇ ရာခိုင်နှုန်းရှိခဲ့သည်။

စစ်တမ်းကို သုံးနှစ်တစ်ကြိမ် ပြုလုပ်ပြီး ကျပန်းလူဦးရေ ၃၀၀၀ ကို တွေ့ဆုံမေးမြန်းမှုအပေါ် အခြေခံထားသည်။ တစ်နှစ်တာအတွင်း အနည်းဆုံး လောင်းကစား တစ်ကြိမ်လုပ်လျှင် လောင်းကစားလုပ်သူဟု သတ်မှတ်သည်။

လောင်းကစားစွဲလမ်းမှုများကို တိုက်ဖျက်ရန် စင်တာများကို ပြီးခဲ့သည့် နှစ်နှစ်အတွင်း နှစ်ခုမှ ခြောက်ခုအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သလို ဖုန်းနှင့် အင်တာနက်အခြေပြု နှစ်သိမ့်ဆွေးနွေးပညာပေးမှုများလည်း လုပ်ဆောင်လျက်ရှိသည်။

မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်မှုအားနည်းသော လောင်းကစားသမား ရာခိုင်နှုန်းမှာမူ ၂၀၁၄ တွင် ၆ ဒသမ ၂ ရာခိုင်နှုန်းအထိ ရှိခဲ့ရာမှာ ၂၀၁၇ တွင် ၃ ဒသမ ၉ ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့သည်ဟုဆိုသည်။ 

လောင်းကစားမျိုးစုံတွင် ကျဆင်းသွားခဲ့ခြင်းဖြစ်သော်လည်း မြင်းပွဲနှင့် ပတ်သက်၍မူ မဆင်မခြင် လောင်းကစားသူရာနှုန်း မြင့်တက်လာသည်ဟုဆိုသည်။ 

မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိ၊ မရှိကို လောင်းကစားသူသည် မူလရည်ရွယ်ထားသည်ထက် ပိုလောင်းဖြစ်၊ မဖြစ်အပေါ် အခြေခံသည့် မေးခွန်းများဖြင့် အကဲဖြတ်ခြင်းဖြစ်သည်။


F-04