News

POST TYPE

CRIME & ACCIDENT

အင်ဂျင်နီယာတပ်မှ ဗိုလ်မှူးက ဇနီးဖြစ်သူကို ဓားဖြင့်ထိုးကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ဟု လေးနှစ်အရွယ် သမီးငယ်ထွက်ဆို
15-Sep-2016
ရန်ကုန်၊ စက်တင်ဘာ ၁၅

တပ်ကုန်း-ပင်လောင်းကားလမ်း မိုင်တိုင် ၈/၄ တွင်  စက်တင်ဘာလ ၁၃ ရက်နေ့ ည ၉နာရီခန့်က ဖြစ်ပွားခဲ့သည့် အင်ဂျင်နီယာတပ်မှ ဗိုလ်မှူးနှင့် ဇနီးဖြစ်သူ သေဆုံးမှုတွင် ပင်လောင်း အမှတ် (၃) အထူး အင်ဂျင်နီယာတပ်မှ ဗိုလ်မှူးက ဇနီးဖြစ်သူ  ဒေါက်တာခင်စန္ဒီကျော်ကို ဓားဖြင့် ဆင့်ထိုးခဲ့ကာ ရုပ်အလောင်းကို  ၎င်းကိုယ်တိုင် ချောက်အတွင်း စွန့်ပစ်ခဲ့ပြီး ကားပေါ်တွင် မိမိကိုယ်ကိုယ် ပြန်လည် အဆုံးစီရင်ခဲ့သည်ဟု သေဆုံးခဲ့သော ဇနီးမောင်နှံ၏ လေးနှစ်အရွယ် သမီးငယ်က ပြောကြားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

"ကားပေါ်မှာ ကျန်ခဲတဲ့ လေးနှစ် သမီးငယ် ပန်းမြတ်ဟေသီက သူ့အဖေနဲ့ အမေ အခင်းဖြစ်တဲ့နေရာ ကားရပ်ပြီး လူမှုရေးကိစ္စနဲ့ စကားများ ရန်ဖြစ်ရင်း အသင့်ပါလာတဲ့ ဓားနဲ့ ဇနီးလည်ပင်းနဲ့ ခန္ဓာကိုယ်တွေ ထိုးခဲ့တယ်၊ သူကိုယ်တိုင်ပဲ ဇနီးအလောင်းကို တွေ့ရှိခဲ့တဲ့ ချောက်ထဲကို သွားရောက် စွန့်ပစ်ခဲ့တယ်၊ ပြီးမှ ကားရှိတဲ့နေရာ ပြန်လာပြီး ကားပေါ်မှာ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တာလို့ ဒီကလေးဆီက သိရတယ်ဟု" တပ်ကုန်း မြို့မ ရဲစခန်းမှ ဒုရဲမှူးသန်းဝင်းက ပြောကြားသည်။

အဆိုပါ စက်တင်ဘာ၁၃ရက်တွင် ဗိုလ်မှူးဝေဖြိုးအောင်က ဇနီးဖြစ်သူက ၎င်းလည်ပင်းကို ဓားဖြင့် ထိုးနေကြောင်း ညီဖြစ်သူထံ ဖုန်းဆက်သွယ်ပြောဆိုခဲ့ပြီး မိခင်ဖြစ်သူက သွားရောက်ကြည့်ရှုခဲ့စဉ် တပ်ကုန်း-ပင်လောင်းလမ်း မိုင်တိုင် အမှတ် ၈/၄ တွင် ကားပေါ်၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းကြောင့် ပျောက်ဆုံးနေသည့် ချွေးမဖြစ်သူကို တပ်ကုန်း ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ ဆက်လက် သိရှိရသည်။

အဆိုပါ အမှုမှ ပျောက်ဆုံးခဲ့သော ဒေါက်တာခင်စန္ဒီကျော်ကို  ၎င်း၏ အစ်မဖြစ်သူ ဒေါ်စုမွန်မွန်ကျော်က ဆက်လက် ရှာဖွေခဲ့ရာမှ တပ်ကုန်း-ပင်လောင်း လမ်းမိုင်တိုင်အမှတ် (၅/၁) တွင် နေရာအနှံ့ ထိုးသွင်းဒဏ်ရာ ၂၉ ချက်၊ ပြတ်ရှ ဒဏ်ရာ ၂  ချက်၊ စုစုပေါင်းဒဏ်ရာ ၃၁ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသောကြောင့် အစ်မဖြစ်သူ ဒေါ်ခင်စုမွန်မွန်ကျော်က ညီမဖြစ်သူ သေဆုံးမှုအတွက် ဗိုလ်မှူးဝေဖြိုးအောင်ကို အရေးယူပေးရန် တပ်ကုန်းမြို့မ ရဲစခန်းသို့ စက်တင်ဘာ ၁၄ ရက် ည ၁၀ နာရီခွဲခန့်တွင် ထပ်မံအမှုဖွင့်လှစ်ခဲ့ကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိကြီးတစ်ဦးက ဖြည့်စွက်ပြောကြားသည်။

"ဒေါက်တာခင်စန္ဒီကျော်မှာ ထိုးသွင်း ဓားဒဏ်ရာ အများအပြားတွေ့ရှိတာ မှန်ပါတယ်၊ ဆရာဝန် အတည်ပြု ဆေးစစ်ချက် မရရှိသေးတော့ ပြောရခက်ပါတယ်၊ ဆေးစစ်ချက်သိရင် အားလုံး ရှင်းရှင်းလင်းလင်း ဖြစ်သွားမှာပါ" ဟု ၎င်းက ပြောကြားသည်။

အဆိုပါအမှုကို နေပြည်တော်တိုင်း ရဲတပ်ဖွဲ့က ကိုင်တွယ်စစ်ဆေးနေပြီး သေဆုံးခဲ့သော အသက် ၃၄နှစ် အရွယ်ရှိ ဒေါက်တာခင်စန္ဒီကျော်၏ ရုပ်အလောင်းကို နေပြည်တော်ရှိ ခုတင် ၁၀၀၀ ဆံ့ ဆေးရုံကြီးသို့ တင်ပို့ခဲ့ကာ စစ်ဆေးမှု ပြုလုပ်နေဆဲဖြစ်ကြောင်း၊ ဓားဒဏ်ရာ အသီးသီးရရှိကာ သေဆုံးခဲ့သော ဇနီး မောင်နှံနှစ်ဦး၏ နှစ်ဖက်မိသားစုတို့မှ တပ်ကုန်းမြို့မ ရဲစခန်းတွင် (ပ) ၁၈၈/၂၁၀၆ နှင့် (ပ)၁၈၉/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ တို့ဖြင့် နှစ်ဖက် အပြန်အလှန် အမှုဖွင့်ထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။



  • VIA