News

POST TYPE

CRIME & ACCIDENT

ပြည့်တန်ဆာအလုပ် အဓမ္မစေခိုင်းသည့် အနှိပ်ခန်းပိုင်ရှင်ကို ဖမ်းမိရေး စုံစမ်းလျက်ရှိ
15-Sep-2016
မရမ်းကုန်းမြို့နယ် ဘုရင့်နောင်တံတားအနီးရှိ Ever Smile အနှိပ်ခန်း၌ ပြည့်တန်ဆာအလုပ် အဓမ္မစေခိုင်းခံနေရသော အမျိုးသမီး ၁၁ ယောက်ကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၃ ရက်တွင် ကယ်တင်နိုင်ခဲ့သော်လည်း ဆိုင်ရှင်အမျိုးသမီးကို ဖမ်းမမိခဲ့ကြောင်း ဘုရင့်နောင်နယ်မြေရဲစခန်းထံမှ သိရသည်။

အမျိုးသမီးငယ်များကို တစ်လငွေကျပ် ငါးသိန်းဖြင့် အနှိပ်သည် အလုပ်ရမည်ဟု ပွဲစားများက မက်လုံးပေး ခေါ်ဆောင်လာပြီး ယင်းဆိုင်အတွင်း ဆိုင်ရှင်က ပိတ်လှောင်ကာ ပြည့်တန်ဆာအလုပ် အဓမ္မစေခိုင်းခဲ့ကြောင်း ထိုသို့စေခိုင်းခံရသူများထဲတွင်ပါဝင်သည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်၏ ထွက်ဆိုချက်အရ သိရသည်။

"လှိုင်သာယာမှာနေတဲ့ မိန်းကလေးတစ်ယောက်က အဲဒီ့ဆိုင်မှာ ပြည့်တန်ဆာအလုပ် အဓမ္မ စေခိုင်းခံနေရတယ်လို့ သူ့အမေဆီ ဆက်သွယ်တိုင်ကြားခဲ့တယ်။ ဒါကြောင့် ရဲတပ်ဖွဲ့က အနှိပ်ခန်းထဲ ဝင်စစ်ဆေးခဲ့ချိန် ဆိုင်ရှင်အမျိုးသမီး မရှိဘဲ အလုပ်သမားတွေနဲ့ ဆိုင်မှာ လာပျော်ပါးနေသူတွေပဲ တွေ့ခဲ့တာ"ဟု ဘုရင့်နောင်နယ်မြေ ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မိခင်ဖြစ်သူထံ ဆက်သွယ်ခဲ့သည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်ကို စက်တင်ဘာ ၉ ရက်တွင် တစ်ရပ်ကွက်ထဲနေ အမျိုးသမီးနှစ်ဦးက တစ်လငွေကျပ်ငါးသိန်းဖြင့် အနှိပ်သည်အလုပ်ကို သွင်းပေးခဲ့ကြောင်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

အနှိပ်သည်အလုပ်အပြင် ပြည့်တန်ဆာ အလုပ်ပါ အဓမ္မစေခိုင်းခံရသောကြောင့် ယင်းအမျိုးသမီးငယ်က မလုပ်နိုင်ကြောင်း ပြောဆိုခဲ့သော်လည်း ဆိုင်ရှင်အမျိုးသမီးက ပွဲစားခ ကျပ်သုံးသောင်းနှင့် ကြိုတင်ထုတ်ငွေ ကျပ်ငါးသောင်း ပြန်ပေးမှ ပြန်လွှတ်မည်။ မပေးနိုင်ပါက ဆိုင်တွင် သုံးလ အလုပ်လုပ်ပေးရမည်ဟု ပြောဆိုခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်များအရ သိရသည်။

အဆိုပါ အနှိပ်ခန်းပိုင်ရှင်အမျိုးသမီးနှင့် အလုပ်သွင်းပေးသည့် အမျိုးသမီး နှစ်ဦးကို လှိုင်သာယာမြို့မ ရဲစခန်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄ /၃၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး ၎င်းတို့ကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်နေကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။


  • VIA