News

POST TYPE

CRIME & ACCIDENT

၁၅၇ လမ်းရှိ တိုက်ခန်းတစ်ခုတွင် မိသားစုဝင် လေးဦး သတိလစ် မေ့မြော၊ တစ်ဦး သေဆုံး
14-Sep-2016
ရန်ကုန်၊ စက်တင်ဘာ ၁၄

ရန်ကုန်၊ စက်တင်ဘာ ၁၄ 

တာမွေမြို့နယ် (၁၅၇) လမ်းရှိ ငါးလွှာ တိုက်ခန်း တစ်ခုတွင် စက်တင်ဘာလ ၁၄ ရက် မွန်းလွဲပိုင်းက လေအေးပေးစက် တပ်ဆင်ထားသည့် အလုံပိတ် တိုက်ခန်းထဲ မိသားစုဝင် လေးဦး သတိလစ် မေ့မြောခဲ့ပြီး အသက် ၃၁ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးမှာ ဆေးရုံ တင်ပို့စဉ် သေဆုံးခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ တိုက်ခန်းထဲ သတိလစ်နေသော မိသားစုထံ ယင်းနေ့က ၎င်းတို့၏ မိတ်ဆွေမှ ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခဲ့သော်လည်း ဆက်သွယ်မှု မရခဲ့သောကြောင့် ပတ်ဝန်းကျင်နေသူများထံ အသိပေးပြီး ၁၉၉ ဖုန်းနံပါတ်သို့ သတင်း ပေးပို့ခဲ့ကြောင်း၊ ယင်းနောက် ရပ်ကွက်နေသူများက တိုက်ခန်းရှိ သော့ခတ်ထားသည့် သံပန်းတံခါးကို ဖျက်ဆီးကာ အထဲဝင်ရောက် ကြည့်ရှုခဲ့စဉ် ပါးစပ်မှ အမြုပ်များ ထွက်ပြီး မေ့မြောလဲ ကျနေသည့် မိသားစုဝင် လေးဦးကို တွေ့ရှိ ခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းမှူး ဒုရဲမှူး ခင်စိုးက ပြောကြားသည်။ 

“တိုက်ခန်းမှာရှိတဲ့ တံခါးပေါက်တွေ အလုံ ပိတ်ထားပြီး အိမ်ထဲမှာ လေအေးပေးစက် ဖွင့်ထားတယ်၊ သေဆုံးသူ အမျိုးသား သောက်ခဲ့တဲ့ ဆေးပေါလိပ်တွေတော့ အခန်းထဲမှ တွေ့ခဲ့တယ်၊ လေထု အဆိပ်သင့်တာလို့ ကနဦး ယူဆရပြီး မိသားစုဝင် လေးဦးကို ဆေးစစ်နေတယ်၊ ဆေးစာ အဖြေရမှ ဘာကြောင့် ဖြစ်တယ်ဆိုတာ အတိအကျ ပြောနိုင်မယ်”ဟု ၎င်းက ပြောကြားသည်။

သတိလစ် မေ့မြောနေသည့် မိသားစုဝင် လေးဦးကို ရပ်ကွက်နေသူများက ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့စဉ် အသက် ၃၁ နှစ်အရွယ် ဦးဖြိုးဒေဝါကျော်မှာ သေဆုံးခဲ့ပြီး ကျန်မိသားစုဝင် သုံးဦးဖြစ်သော အသက် ၆ဝ ကျော် အမျိုးသမီး နှစ်ဦးနှင့် အသက် ၅၉ နှစ်အရွယ် အမျိုးသား တစ်ဦးတို့မှာ အသက်အန္တရာယ် စိုးရိမ်ရသောကြောင့် သျှင်ပါဂူ အထူးကု ဆေးရုံမှ ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှု ခံယူနေရကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဓာတ်ပုံ - တာမွေမြို့မ ရဲစခန်း  



  • VIA