News

POST TYPE

CRIME & ACCIDENT

ရွှေပြည့်စုံဈေး၌ ဆေးဝါးအတု ဖြန့်ဖြူးရောင်းချသူကို ဖမ်းမိ
14-Sep-2016

ရန်ကုန်၊ စက်တင်ဘာ ၁၄


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးဝါးများ အဓိက ဖြန့်ဖြူးရောင်းချနေသော ရွှေပြည့်စုံဈေး၌ BPI နှင့် MPF အမှတ်တံဆိပ်ပါ ဆေးဝါးအတုများ ဆေးဆိုင်များထံ တင်သွင်းရောင်းချနေသည့် အမျိုးသမီးကို ဖမ်းမိခဲ့ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။


ဖမ်းမိခဲ့သူမှာ သာကေတမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီး)နှင့်အဖွဲ့က မြန်မာနိုင်ငံဆေးဝါးစက်ရုံမှ ကျွမ်းကျင်သူများ ပူးပေါင်း၍ စက်တင်ဘာ ၃ ရက်က ၎င်းနေအိမ်ထဲ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ကျပ်သိန်း ၂၀၀ ကျော်ရှိ ဆေးဝါးအတုများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။


အဆိုပါ သိမ်းဆည်းခဲ့သော ပစ္စည်းများမှာ ဘာမီတွန် ဆေးပြားများ အပါအဝင် ဆေးဝါးမျိုးစုံ ဘူးတစ်သောင်းကျော် MPF Cald Gluose (450 G) အပါအဝင် တံဆိပ်မျိုးစုံ ဆေးဝါး ၈၄ ဖာ Gripe Mixture အရည် အပါအဝင် တံဆိပ်မျိုးစုံ ဆေးဝါးအရည်များ BPI တံဆိပ်ပါ အရေအတွက် မှန်ကန်ကြောင်း စစ်ဆေးပြီး စာရွက်အပါအဝင် စာရွက်မျိုးစုံ နှင့် ဆေးအလုံး ၁၀၀ ရေတွက်သည့် သတ္ထုပြားနှင့် ဆက်စပ်ပစ္စည်းမျိုးစုံတို့ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။


"ရွှေပြည့်စုံဈေးထဲက ဆေးဆိုင် ခုနစ်ဆိုင်မှာ သံသယရှိဖွယ် ဆေးဝါးအတုတွေ သိမ်းဆည်းရမိခဲ့တယ်။ စစ်ဆေးရာက ဒီဆေးဆိုင်တွေဆီ ဆေးဝါးအတုတွေ ထုတ်လုပ်ပြီး တင်သွင်းနေတဲ့ အမျိုးသမီးကို ဖမ်းမိခဲ့တာ။ အမှုကို စသုံးလုံးအဖွဲ့က တိုက်ရိုက်ကိုင်တွယ် စစ်ဆေးနေတယ်"ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။


ရွှေပြည့်စုံဈေးရှိ ဆေးဝါးအရောင်းဆိုင်များကို သြဂုတ် ၃၁ ရက်နှင့် စက်တင်ဘာ ၂ ရက်နေ့များက တာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးခဲ့ရာ ဒုတိယထပ်၊ စတုတ္တထပ်နှင့် ခုနစ်လွှာတို့ရှိ ဆေးဆိုင်များမှ BPI နှင့် MPF တံဆိပ်ပါ သံသယဖြစ်ဖွယ် ဆေးဝါးအတုများ အလုံးအရင်းဖြစ် သိမ်းဆည်းရမိခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက ဆိုင်ရှင်များကို အမျိုးသားဆေးဝါးဥပဒေ ပုဒ်မ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၁၀၉ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



  • VIA