News

POST TYPE

CRIME & ACCIDENT

ကချင်ရှိ မြို့နယ်သုံးခု၌ ရှစ်လအတွင်း လူကုန်ကူးခံရမှု ၁၀မှုရှိဟုဆို
14-Sep-2016
မြစ်ကြီးနား၊ စက်တင်ဘာ ၁၄

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်သုံးခု၌ လူကုန်ကူးမှုအဖြစ်အများဆုံးဖြစ်ပြီး ယခုနှစ်ရှစ်လတာကာလအတွင်း လူကုန်ကူးမှု ၁၀မှုရှိခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးစိုးမင်းက ပြောသည်။

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့တွင် လူကုန်ကူးခံရမှုအများဆုံးဖြစ်ပွားလျက်ရှိပြီး ဖားကန့်မြို့နယ်အတွင်း၌ အနည်းအကျဉ်းသာရှိကြောင်း စက်တင်ဘာ ၁၃ရက်က မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည့် မြန်မာ နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ၎င်းက ပြောကြားသည်။

"ကချင်ပြည်နယ်က မြန်မာနိုင်ငံမှာဆို ငါးနေရာမှာရှိပြီးတော့ သုံးမြို့နယ်အဓိကဖြစ်နေတယ်။ အများဆုံးကတော့ အမျိုးသမီးနဲ့ ကလေးတွေ ပိုအဖြစ်များတယ်"ဟု ၎င်းက ပြောကြားသည်။

ကချင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ တင်ပို့ခံရသူအများစုသည် ယင်းမြို့နယ်သုံးခုမှ သွေးဆောင်ဖြားယောင်းကာ တရုတ်အမျိုးသားများနှင့် အဓမ္မထိမ်းမြားလက်ထပ်စေခြင်းဖြင့် ရောင်းချခံရခြင်းဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

"ကျတော်တို့ ကချင်ပြည်နယ်မှာ ၂၀၁၁ကနေ ၂၀၁၆ သြဂုတ်လအထိ လူကုန်ကူးမIပေါင်း ၆၄ခု အရေးယူဖေါ်ထုတ်နိုင်ခဲ့ပြီး တရားခံပေါင်း ၁၃၁ဦးကို အရေးယူနိုင်ခဲ့တယ်။ ပြီးတော့ လူကုန်ကူးခံရသူ ၈၆ ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်"ဟု ကချင်ပြည်နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးမှ ဥက္ကဋ္ဌ ဦးမြင့်လွင်က ပြောကြားသည်။

ကချင်ပြည်နယ်၌ လူကုန်ကူးမှု ၂၀၁၃ခုနှစ်တွင် ခုနစ်မှု၊ ၂၀၁၄တွင် ၁၀မှု၊ ၂၀၁၅ခုနှစ် ၁၅ မှု၊ ၂၀၁၆ ခုနှစ် ယခုလအထိ ၁၀မှု ဖြစ်ပွားခဲ့ကြောင်း၊ လှုကုန်ကူးခံရသောလမ်းကြောင်း ခုနစ်ကြောင်းရှိသည့်အနက် အဓိက နှစ်ကြောင်းမှာ မြစ်ကြီးနား-ဝိုင်းမော်-ချီဖွေ-ပန်ဝါ-ဒိန်းထန်မြို့(တရုတ်နိုင်ငံ)လမ်းနှင့် ဗန်းမော်-မိုးမောက်-လိုင်ဇာ-ရင်ကျန်း(တရုတ်နိုင်ငံ)လမ်းကို အသုံးပြုနေကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးစိုးမင်းက ပြောသည်။


  • VIA