News

POST TYPE

CRIME & ACCIDENT

စသုံးလုံးညွှန်မှူး(ငြိမ်း)ကို ထိုးကြိတ်သတ်ခဲ့သူ ဖမ်းမိ
14-Sep-2016
ရန်ကုန်၊ စက်တင်ဘာ ၁၄


သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းတွင် နေထိုင်သည့် စသုံးလုံး ညွှန်မှူး(ငြိမ်း)အား ထိုးကြိတ်သတ်ခဲ့သည်ဟု ဆိုသူကို စက်တင်ဘာ ၁၀ ရက်က ဖမ်းမိပြီဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

အမှတ်(၂)တပ်မတော်ဆေးရုံတွင် သေဆုံးခဲ့သည့် စသုံးလုံး ညွှန်မှူး(ငြိမ်း)၏ ရုပ်အလောင်းကို စစ်ဆေးရာမှ လူသတ်မှုကျူးလွန်ခဲ့သူကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲတပ်ဖွဲ့ထံမှ သိရသည်။

အသတ်ခံရသည့် အသက် ၇၇ နှစ် အရွယ်ရှိ စသုံးလုံး ညွှန်မှူး(ငြိမ်း) ဦးအောင်မြင့်မှာ သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းတွင် နေထိုင်သူဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့က တစ်အိမ်ထဲအတူနေ တူဖြစ်သူ ထွန်းထွန်း(ခ)ထွန်းဝင်းအောင်က ၎င်းကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း ယင်းမြို့နယ်ရဲမှူးသက်နိုင်ထွန်းက ပြောကြားသည်။

သေဆုံးသူ စသုံးလုံးညွှန်မှူး(ငြိမ်း)ကို အမှတ်(၂)တပ်မတော်ဆေးရုံသို့ တင်ပို့စဉ်က နေအိမ်လှေကားရင်းတွင် ခေါင်းမူးရာမှ လဲကျခဲ့သည့် ဒဏ်ရာများဖြစ်ကြောင်း လီဆည်ပြောဆိုကာ တင်ပို့ကုသစေခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် သေဆုံးခဲ့သည်။

"ဆေးစစ်ချက်အရ သေဆုံးသူက ထိုးကြိတ်ရိုက်နှက် အသတ်ခံရတာ။ ဒါကြောင့် ကျန်ရစ်သူ မိသားစုကို ခေါ်စစ်ဆေးခဲ့ရာက လူသတ်မှု ကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ တူဖြစ်သူကို မကွေးတိုင်း ဆင်ပေါင်ဝဲမြို့မှာ စက်တင်ဘာ ၁၀ ရက်နေ့က ဖမ်းမိခဲ့တယ်"ဟု သင်္ဃန်းကျွန်းမြို့နယ်ရဲမှူး သက်နိုင်ထွန်းက ပြောကြားသည်။

လူသတ်မှုဖြစ်ပွားခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ် ၁၆/၃ ရပ်ကွက် ဝေဇယန္တာလမ်းရှိ နေအိမ်၌ မိသားစုဝင် လေးဦးဖြစ်သော သေဆုံးသူ စသုံးလုံး ညွှန်မှူး(ငြိမ်း)နှင့် ၎င်း၏ဇနီးနှင့် မရီးဖြစ်သူတို့  သားအမိနှစ်ဦး အတူနေထိုင်ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။


  • VIA