News

POST TYPE

CRIME & ACCIDENT

မှုခင်း အသိပညာပေးမလုပ်သော ရဲတပ်ဖွဲ့ဝင်ကို နေရာပြောင်းသည်အထိ အရေးယူမည်
07-Feb-2018
ပုသိမ်၊ ဖေဖော်ဝါရီ ၆ 

ဧရာဝတီတိုင်းရှိ မြို့နယ်များတွင် မှုခင်းကျဆင်းရေးအတွက် မှုခင်းအသိပညာပေး မလုပ်သော ရဲတပ်ဖွဲ့ဝင်များကို ဖြေရှင်းချက်တောင်းခံခြင်းမှစ၍ နေရာပြောင်းသည်အထိ အဆင့်ဆင့် အရေးယူမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးပထမတန်းအရာရှိ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

၂၀၁၇ ခုနှစ်က ဧရာဝတီတိုင်းတွင် မုဒိမ်းမှုအများဆုံး ဖြစ်ပွားခဲ့ပြီး သက်ငယ်မုဒိမ်းမှု ပိုများကြောင်း၊ အဆိုပါအမှုများမှာ ကျေးလက်ဒေသတွင် အများဆုံးဖြစ်ပွားသောကြောင့် ကျေးလက်ဒေသများတွင် မှုခင်းအသိပညာပေး ဟောပြောပွဲနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် ဇန်နဝါရီလက ညွှန်ကြားခဲ့ကြောင်း၊ နယ်မြေရဲတပ်ဖွဲ့များ၏ ဆောင်ရွက်လှုပ်ရှားမှုများကို နေ့စဉ် သတင်းပို့ရန်လည်း ညွှန်ကြားထားကြောင်း ၎င်းက ရှင်းပြသည်။

နယ်မြေရဲစခန်းအပိုင်ဒေသမှ ရွာတိုင်းတွင် ဆောင်ရွက်ရမည်ဖြစ်ပြီး မှုခင်းဖြစ်ပွားဖူးသော ကျေးရွာများတွင် အကြိမ်ရေများစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်း မရှိပါက သူ့ကို ဖြေရှင်းချက်တောင်းခြင်း၊ သတိပေးခြင်း၊ နေရာပြောင်းခြင်း စသည်ဖြင့် အဆင့်ဆင့် အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

မှုခင်းကျဆင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ အရပ်ဘက်လူမှုရေး အဖွဲ့များ စသည်ဖြင့် မိတ်ဖက်အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဧရာဝတီတိုင်းတွင် ၂၀၁၆ ခုနှစ်က မုဒိမ်းမှု ၁၈၉ ဖြစ်ပွားခဲ့သည့်အနက် သက်ငယ်မုဒိမ်းမှု ၁၁၁ မှု ဖြစ်ပွားကာ ကျေးလက်တွင် ၁၀၅ မှု ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် မုဒိမ်းမှု ၂၄၃ မှု ဖြစ်ပွားခဲ့သည့်အနက် သက်ငယ်မုဒိမ်းမှု ၁၅၅ မှု ဖြစ်ပွားကာ ကျေးလက်တွင် ၁၃၀ မှု ဖြစ်ပွားကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

R-12