News

POST TYPE

CRIME & ACCIDENT

ဖားကန့်၌ ငွေကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
10-Sep-2016

မြစ်ကြီးနား၊ စက်တင်ဘာ ၁၀

ဓာတ်ပုံ - ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး



ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဆိုင်းတောင်နှင့် တာမခန်ကားလမ်း၌ ရောင်စုံပလပ်စတစ် ဆပ်ပြာခွက်များဖြင့်ထည့်သွင်းသယ်ဆောင်လာသည့် ငွေကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများကို စက်တင်ဘာ ၈ရက် မွန်းလွဲ ၁၂နာရီခွဲက ဖမ်းဆီးရမိခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် ဆိတ်မူဘက်မှ တာမခန်ဘက်သို့ ဦးလဇိန်တူးရိန်(အသက် ၄၉ )နှစ် မောင်းနှင်လာသော TOYOTA SURF ကားကို ရပ်တန့်စစ်ဆေးရာ ကားအနောက်ဘက် ပစ္စည်း ထည့်သည့်အခန်းတွင်းမှ အဖြူရောင် ဆာလာအိတ်များအတွင်း အနက်ရောင်တိပ်များပတ်လျက် ရောင်စုံပလပ်စတစ် ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူမှုန့် အလေးချိန် ၁၂ ဂရမ်ပါ ၂၆၅ခွက်၊ ၁၃ ဂရမ်ပါ ၃၅၁ခွက်၊ စုစုပေါင်း ဆပ်ပြာခွက် ၆၁၆ ခွက်၊ ဘိန်းဖြူအလေးချိန်စုစုပေါင်း ၇၇၄၃ဂရမ်၊ ကာလတန်ဖိုး ငွေကျပ် ၇၃၅၅၈၅၀၀၀ ရှိဘိန်းဖြူများ သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


ယာဉ်မောင်း ဦးလဇိန်တူးရိန်ကို စစ်ဆေးမေးမြန်းရာ စက်တင်ဘာ ၈ရက် နံနက်က ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ရှောက်ကျိုင်းကျေးရွာ နေထိုင်သူ ဦးနော်ဆန့်က ၎င်းအား ဆိတ်မူကျေးရွာ ရှမ်းကုန်းဈေးရှေ့တွင် ရပ်ထားသည့် မူးယစ်ဆေးဝါးပါယာဉ်ကို တာမခန်ဘက်သို့ မောင်းနှင်ရန် ဖုန်းဆက်သွယ်ပြောဆိုကြောင်း၊ တာမခန်ရောက်ပါက ပြန်လည်ဖုန်းဆက်သွယ်ခိုင်းကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဦးလဇိန်တူးရိန်နှင့် နော်ဆန့်တို့ကို မယ (ပ) ၇၁ /၂၀၁၆၊ မူး/ စိတ်ပုဒ်မ ၁၅/၁၉(က)၊ ၂၀(က)/ ၂၁ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။





  • VIA