News

POST TYPE

CRIME & ACCIDENT

သပိတ်ကျင်း၌ တူမီးသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံး
10-Sep-2016

သပိတ်ကျင်း၊ စက်တင်ဘာ ၁၀


မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ဇိုက်ချောင်းကျေးရွာ၏ အရှေ့ဘက် နှစ်မိုင်ခန့်အကွာရှိ တောင်ယာခင်း၌ စက်တင်ဘာ ၉ ရက် ညနေ ၅ နာရီခွဲခန့်က တူမီးသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း သပိတ်ကျင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ညနေပိုင်းဆိတ်ကျောင်းသွားရာမှအပြန် နွားများကို အစာကျွေးရန် သားဖြစ်သူ ထွန်းနိုင်ဦးကို တဲဘက်သို့ နွားစာစဉ်းခိုင်းရာ မိနစ် ၃၀ခန့်အကြာတွင် သေနတ်ပစ်ခတ်သံကြားသဖြင့် သွားရောက်ကြည့်ရှုရာ မိမိ၏သားဖြစ်သူမှာ သေနတ်မှန်ဒဏ်ရာရရှိပြီး လဲကျနေသည်ကို တွေ့ခဲ့ရသည်ဟု သေဆုံးသူ၏ဖခင်ဖြစ်သူ ဦးစောမြင့်နိုင်က ပြောသည်။


"သူဖြစ်တဲ့နေရာက ငါးဧကလောက်ခြားတယ်။ ကျွန်တော်တို့က ပဲစင်းငုံစိုက်ဖို့ ထယ်ထိုးနေတာပါ။ဖြစ်ချင်တော့ အဲဒီနေ့က မခင်တင့်ရဲ့သား ချစ်ထူးနဲ့ ချစ်ဦးတို့တောင်ယာမှာ ထယ်ထိုးဖို့ နေ့စားနဲ့ ခေါ်ထားတာပါ။ ညနေပိုင်းပစ်ခက်မှုဖြစ်ပွားတော့ ချစ်ဦးက ကျွန်တော်နဲ့ရှိနေပြီး ချစ်ထူးကတော့ အခင်းဖြစ်တဲ့နေရာမှာ ဖိနပ်သာတွေ့ပြီး လူက ပျောက်နေတယ်"ဟု ၎င်းက ဆိုသည်။


ပစ်ခတ်မှုဖြစ်ပွားသဖြင့် ထွန်းနိုင်ဝင်း အသက် ၁၆ နှစ်မှာ ဦးခေါင်းထိပ်တွင် ပေါတ်ပြဲဒဏ်ရာရရှိပြီး သွေးထွက်နေသဖြင့် ကျေးရွာဆယ်အိမ်မှူးနှင့် ရွာသားများကို အကူအညီတောင်းကာ ဆေးရုံသို့ တင်ပို့ရန် သယ်ဆောင်လာစဉ် ဇိုက်ချောင်းကျေးရွာဘုန်းတော်ကြီးကျောင်းအရာက်၌ သေဆုံးခဲ့သည်ဟု ဦးစောမြင့်နိုင်က ထပ်လောင်းပြောဆိုသည်။


မိမိတောင်ယာတဲအနီး၌ နေထိုင်သူတစ်ဦးထံတွင် တောလိုက်ရာ၌ အသုံးပြုသည့် လူလုပ်တူမီးသေနတ် တစ်လက် လင့်စင်ပေါ်တွင် ထားရှိသည်ကို နောက်မှသိရှိရကြောင်း၊ အခင်းဖြစ်သည့်နေ့တွင် ထိုသူမှာ စဉ့်ကူးဘုရားပွဲဈေးသို့ သွားနေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ (ပ) ၁၄၂/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ထားပြီး တရားခံအစစ်အမှန်စုံစမ်းဖော်ထုတ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်ဟု သပိတ်ကျင်းမြို့မရဲစခန်းမှူး ဒုရဲမှူးထိန်လင်းမောင်က ပြောကြားသည်။



  • VIA