News

POST TYPE

CRIME & ACCIDENT

Sky Way ကလပ်ကို လုယက်သည့် အဖွဲ့ခေါင်းဆောင် လွတ်မြောက်
09-Sep-2016
ရန်ကုန်၊ စက်တင်ဘာ ၈

အလုံမြို့နယ်၊ အလုံလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ Sky Way Entertainment Club တွင် ဝန်ထမ်းအမျိုးသားကို ဓားဖြင့်ခုတ်၍ ငွေကျပ် သိန်း ၂၀ လုယက်ခဲ့သည့်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်ဟုဆိုသော အမျိုးသားမှာ လွတ်မြောက်နေကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“လုယက်မှုဖြစ်တဲ့ ကလပ်ထဲက CCTV မှတ်တမ်းတွေအရ လုယက်သူတွေရဲ့ ဓာတ်ပုံတွေ ရထားတယ်၊ မသင်္ကာသူ သုံးယောက်ကို ဖမ်းမိထားပေမယ့် လွတ်မြောက်နေတဲ့ အမျိုးသား သုံးယောက်ထဲမှာ ခေါင်းဆောင်ဖြစ်သူ ပါနေတယ်၊ အမြန်ဆုံး ဖမ်းမိအောင် နယ်မြေစခန်းတွေ ချိတ်ဆက်စုံစမ်းနေတယ်” ဟု အလုံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

အဆိုပါ လုယက်သည့် အဖွဲ့မှာ စက်တင်ဘာလ ၇ ရက် နံနက် ၂ နာရီက Sky Way ကလပ် အတွင်းသို့ တုတ်၊ ဓား၊ လေးခွများ ကိုင်ဆောင်၍ ဝင်ရောက်လာပြီး ငွေသိမ်းကောင်တာမှ ကျပ်သိန်း ၂၀ ကို လုယူ၍ ဆိုင်ရှိ အသက် ၁၉ နှစ်အရွယ် ဝန်ထမ်းအမျိုးသား၏ လက်ကို ဓားဖြင့် ခုတ်ခဲ့ကြောင်း၊ ယင်းနောက် လုယက်သည့်အဖွဲ့မှ ဆိုင်အတွင်းသို့ လေးခွများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဝန်ထမ်းအမျိုးသားနှစ်ဦး ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်များအရ အလုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။

လုယက်မှု ကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်သည့် ၎င်းတို့အဖွဲ့မှ အသက် ၂၈ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးကို Sky Way ကလပ်အနီး အငှားယာဉ်တစ်စီးပေါ်တွင် ဓားရှည်တစ်ချောင်းနှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီး ကျန်လွတ်မြောက်နေသူများကို ဆက်လက်ရှာဖွေခဲ့ရာ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ စက်ဆန်းရပ်ကွက်တွင် အမျိုးသားနှစ်ဦးကို ထပ်မံဖမ်းမိခဲ့ကြောင်း အလုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးတင်လှက ပြောကြားသည်။ 

“အခင်းဖြစ်ချိန် ရဲတပ်ဖွဲ့က အချိန်မီ ရောက်ခဲ့ပေမယ့် အမျိုးသားသုံးယောက်က ဒိုင်နာကားတစ်စီးကို ဓားထောက်ခြိမ်းခြောက်ပြီး မောင်းပြေးသွားတယ်၊ တက္ကစီကားပေါ် တက်ပြေးတဲ့ တစ်ယောက်ပဲ ဖမ်းမိခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်နက်များ ကိုင်ဆောင်၍ ကလပ်အတွင်း ဝင်ရောက်လုယက်ခဲ့သည့်  အမျိုးသားလေးဦးမှာ ယင်းညက အဆိုပါဆိုင်သို့ လာရောက်စဉ် ဆိုင်ဝန်ထမ်းများနှင့် နှစ်ဖက်စကားများ ရန်ဖြစ်ခဲ့ပြီးနောက်  ပြန်ထွက်သွားရာမှ တုတ်၊ ဓား၊ လေးခွ များ ကိုင်ဆောင်ပြီး ဆိုင်သို့ ထပ်မံလာရောက်ကာ ငွေသိမ်းကောင်တာရှိ အံဆွဲထဲမှ ကျပ် သိန်း ၂၀ ကို လုယက်ခဲ့ကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။