News

POST TYPE

CRIME & ACCIDENT

အတင်းအကျပ် စေခိုင်းမှုများကြောင့် စိတ်ညစ်နေရကြောင်း Facebook ပေါ်တွင် ရေးသားခဲ့သူ ဒုရဲအုပ်တစ်ဦး အရေးယူခံရ
05-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ ၅ 

မှုခင်းကြိုတင် ကာကွယ်ရေးအမှုများ ဖမ်းဆီးရခြင်းနှင့် ရဲတပ်သားသစ်များ စုဆောင်းခိုင်းခြင်းတို့ကြောင့် စိတ်ညစ်နေရကြောင်း လူမှုကွန်ရက် စာမျက်နှာ Facebook ပေါ် ရေးသားဖော်ပြခဲ့  သည့် ဆိပ်ကမ်းမြို့မ ရဲစခန်းက ဒုရဲအုပ်တစ်ဦးကို ရဲ စည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ဖမ်းဆီး အရေးယူထားကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

ဖမ်းဆီးအရေးယူခံရသူမှာ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်စိုးဦးဖြစ်ပြီး အခြေခံ ရဲတပ်သားဘဝမှ ရဲအရာရှိတစ်ဦးဖြစ်လာသူ တစ်ဦးဖြစ်ကြောင်း၊ ယခုအခါ ကော့မှူးမြို့နယ်တွင် မိသားစုနှင့်အတူ နေထိုင်ကာ ဆိပ်ကမ်းမြို့မ ရဲစခန်းတွင် လွန်ခဲ့သော လေးနှစ်ခန့်ကစပြီး တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ နယ်ထိန်းခေါင်းဆောင် အဖြစ် တာဝန်ထမ်းဆောင်နေစဉ် လွန်ခဲ့သော နှစ်ရက်ခန့်က ၎င်းအသုံးပြုသည့် လူမှုကွန်ရက် စာမျက်နှာ Facebook ပေါ်၌ ရဲတပ်သားသစ် စုဆောင်းပေးရန်၊ ကြိုတင်ကာကွယ်တားဆီးရေးအမှုများ ဖမ်းဆီးပေးရန် အတင်းအကျပ် ဖိအားပေး စေခိုင်းခံနေသဖြင့် စိတ်ညစ်နေကြောင်း ရေးသားဖော်ပြမိရာက ခရိုင်ရဲတပ်ဖွဲ့မှူး၏ အမိန့်ဖြင့် ဖမ်းဆီး ချုပ်နှောင်ခံရခြင်းဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။ 

“လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်လောက်ကဖြစ်တာ၊ အခုတော့ သူ့ရဲ့ပို့စ်ကို ဖျက်လိုက်ပြီ၊ စုံ/ခုံဖွဲ့ စစ်ဆေးနေတာဖြစ်လို့ ဘယ်လို အရေးယူမလဲဆိုတာ မသိရသေးဘူး၊ ရဲတပ်ဖွဲ့ဝင်တွေက ဘာလုပ်လုပ် ကြောက်ရွံ့နေရတယ်၊ စိတ်ခံစားချက်ကို မိမိကိုယ်ပိုင်အကောင့်ပေါ်မှာလည်း မရေးရဲဘူး၊ လူကြီးသိအောင်လည်း ပြောမပြရဲဘူး၊ ဒါဘာတွေမှာ ပြောပါဆိုလို့ပြောရင် အငြိုးထားပြီး ချောင်ထိုးထားခံရမှာလဲ ကြောက်ရသေးတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရင်ဖွင့်ပြောကြားသည်။

ဖမ်းဆီး ချုပ်နှောင်ခံရသူ ဒုရဲအုပ်စိုးဦး ကဲ့သို့ပင် ပန်းတောင်းမြို့နယ်၊ ထုံးဘိုရဲစခန်းမှ ရဲအုပ်ဝင်းထွန်းနိုင်မှာ ၎င်းအသုံးပြုသည့် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် အောက်တိုဘာလ ၁၇ ရက်နေ့ က ACE ဟိုတယ်နှင့် ကုမ္ပဏီပိုင် အဆောက်အအုံများ၌ တွေ့ရှိခဲ့သည့် ကျည်ဆန်များသည် ငါးလောင်းပြိုင် လူသတ်မှုတွင် သက်သေအဖြစ် ကျန်ခဲ့သည့် ကျည်ဆန်ခွံများနှင့် အမျိုးအစား တူကြောင်း ရေးသား ဖော်ပြမိခဲ့သဖြင့် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူခံခဲ့ရသည်။
 
J-16


  • VIA