News

POST TYPE

CRIME & ACCIDENT

လေးလောင်းပြိုင် လူသတ်မှု မသင်္ကာသူ သုံးဦး၏ ဓာတ်ပုံကို ၁ဝ ရက်အကြာတွင် ရဲတပ်ဖွဲ့ ထုတ်ပြန်
29-Aug-2016
ရန်ကုန်၊ သြဂုတ် ၂၉

အများပြည်သူ စိတ်ဝင်စားသည့် မင်္ဂလာဒုံမြို့နယ် လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး ၁ဝ ရက်အကြာတွင် ယင်းအမှုနှင့် ပတ်သက်၍ မသင်္ကာသူ  အမျိုးသား သုံးဦး၏ ဓာတ်ပုံကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး တွေ့ရှိပါက 199 Call Centre ဖုန်းနံပါတ် ၁၉၉ နှင့် ဝ၁-၂၃၂၃၁၉၉ တို့သို့ ဆက်သွယ် သတင်း ပေးပို့ရန် မေတ္တာ ရပ်ခံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ပြည်သူများ အနေနှင့် ယင်းဓာတ်ပုံပါ မသင်္ကာသူ အမျိုးသား သုံးဦးနှင့် ပတ်သက်၍ သတင်း အချက်အလက် တစ်စုံတစ်ရာ ရရှိခဲ့ပါက ရဲတပ်ဖွဲ့ထံ ဆက်သွယ်ပေးပို့ ကူညီရန်နှင့် သတင်းပေးပို့သူ၏ လုံခြုံရေးကို လျှို့ဝှက်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များထံမှ သိရှိရသည်။

“လေးလောင်းပြိုင် အမှုနဲ့ ပတ်သက်ပြီး တရားခံတွေ လှိုင်သာယာမြို့နယ်က ကျူးကျော် ရပ်ကွက်မှာ လာရောက် ပုန်းခိုနေတယ်လို့ စာနဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့ခဲ့တယ်၊ ဒီသတင်းက မမှန်ကန်ကြောင်း မီဒီယာကို ရှင်းပြခဲ့ပြီးပြီ၊ အခု ထုတ်ပြန်ထားတဲ့ ဓာတ်ပုံထဲက သံသယရှိသူ သုံးဦးကို တွေ့ရှိခဲ့မယ်ဆို ရဲတပ်ဖွဲ့ထံ သတင်း ပေးပို့စေလိုပါတယ်၊ ပြည်သူနဲ့ ရဲ ပူးပေါင်းမှ ဒီအမှုက အမြန် ဖော်ထုတ်နိုင်မှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ 

လေးလောင်းပြိုင် လူသတ်မှုမှ သံသယရှိသူ အယောက် ၂ဝ ကျော်ကို ရဲတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးခဲ့သော်လည်း ထူးခြားသည့် သဲလွန်စ တစ်စုံတစ်ရာ မရရှိသေးကြောင်းနှင့် အခင်းဖြစ်နေအိမ်မှ သေဆုံးသူ မချယ်ရီပွင့်၏ လက်ကိုင်ဖုန်းတွင် ရိုက်ကူးထားသည့် မသင်္ကာဖွယ် လူစိမ်းအမျိုးသား သုံးဦးကို စစ်ဆေးနိုင်ရန် ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံစုံစမ်း ရှာဖွေနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ရဲမှူးကြီး မျိုးဆွေက ပြောကြားသည်။

သြဂုတ်လ ၂ဝ ရက် နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်၊ ကျူးကျော်ကွက်သစ်ရှိ ရဲအရာရှိဟောင်း နေအိမ်မှ မိသားစုဝင် လေးဦး ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးမှုကို အမှုမှန် ဖော်ထုတ်နိုင်ရန် ရဲချုပ်ကိုယ်တိုင် ဦးစီးပြီး စီအိုင်ဒီနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ စုံစမ်း စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။ 


  • VIA