News

POST TYPE

CRIME & ACCIDENT

ခိုးရာလိုက်လာသည့် မိန်းကလေးထံမှ ငွေနှင့် ဆိုင်ကယ်ကို လိမ်လည်ရယူသွားသောသူကို အမှုဖွင့်
16-Sep-2017
ရန်ကုန်၊ စက်တင်ဘာ ၁၄

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်တွင် ချစ်သူနောက် ခိုးရာလိုက်ပြေးခဲ့သော မိန်းကလေးတစ်ဦးမှာ ၎င်း၏ ဆိုင်ကယ်နှင့် ငွေများကို ချစ်သူအမျိုးသားက လိမ်လည်ရယူသွားပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သောကြောင့် စက်တင်ဘာလ ၁၃ ရက်နေ့က လှိုင်သာယာ မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူပေးပါရန် တိုင်ကြားထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

လိမ်လည်ခံရသည့် အသက် ၂၆ နှစ် အရွယ် မိန်းကလေးမှာ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပအိုစုရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး စက်တင်ဘာလ ၃ ရက်နေ့က တန်ဖိုးငွေကျပ် ၁၁ သိန်းကျော် ရှိသော ၎င်းပိုင် Hondar NCX အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီးနှင့် ငွေကျပ်လေးသိန်းကို ယူဆောင်၍ ချစ်သူအမျိုးသားနှင့်အတူ ရန်ကုန်သို့ ခိုးရာလိုက်ပြေးခဲ့သည်။

“ရွှေလင်ပန်းစက်မှုဇုန် အရောက်မှာ အမျိုးသားက ရွှေလင်ပန်းရွာထဲက သူ့မိဘအိမ် ခဏသွားလိုက်ဦးမယ် ဆိုပြီး လက်ဖက်ရည်ဆိုင်မှာ မိန်းကလေးကို ထားခဲ့တာ။ ဆိုင်ကယ်ယူပြီး ထွက်သွားတဲ့ အမျိုးသားက ဒီနေ့အထိ ပြန်မလာလို့ လိမ်လည်မှုနဲ့ အရေးယူပေးဖို့ စခန်းလာ အမှုဖွင့်တိုင်ကြားခဲ့တာပါ” ဟု ရဲအရာရှိက ရှင်းပြသည်။ 

မော်တော်ဆိုင်ကယ် ယူဆောင်သွားသည့် အမျိုးသားမှာ ရွှေလင်ပန်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၎င်းမှာ လွန်ခဲ့သည့် နှစ်လခန့်က ဘားအံသို့ သွားရောက်အလုပ်လုပ်စဉ် အဆိုပါ မိန်းကလေးနှင့် ချစ်ကြိုက်ခဲ့ကြောင်း၊ ခိုးရာလိုက်ပြေးခဲ့သည့် မိန်းကလေး၏ ဆိုင်ကယ်တူးဘောက်ထဲ၌ ငွေကျပ်လေးသိန်းနှင့် ဆမ်ဆောင်းအမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး ပါရှိခဲ့သောကြောင့် ယင်းအမျိုးသားကို လှိုင်သာယာ မြို့မရဲစခန်းက (ပ) ၃၄၉၈/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။       

S-03