News

POST TYPE

CRIME & ACCIDENT

စမ်းချောင်းမြို့နယ်၌ အော်ဟစ်ဆဲဆိုခဲ့သူကို တရားစွဲ
13-Sep-2017

ရန်ကုန်၊ စက်တင်ဘာ ၁၃

စမ်းချောင်းမြို့နယ်အတွင်း ပြီးခဲ့သည့်ညက အစ္စလာမ် ဘာသာဝင်များကို အော်ဟစ်ဆဲဆိုခဲ့သူအား မူးယစ်ရမ်းကားမှုဖြင့် ယနေ့ (စက်တင်ဘာလ ၁၃ ရက်) မွန်းလွဲပိုင်းက ယင်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၄၁(၁၄) ဖြင့် တရားစွဲဆိုခံရသူမှာ ကြည့်မြင်တိုင် ဘူတာလိုင်းခန်းတွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ် အောင်သိန်းထွေးဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက် ညပိုင်းက စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက်ရှိ ဝါးခယ်မလမ်း၊ ရွှေလောင်းလမ်းနှင့် ကျိုက်လတ်လမ်းများတွင် ၎င်းက အစ္စလာမ်ဘာသာဝင်များကို သတ်ပစ်မည်ဟု ခြိမ်းခြောက်၍ အော်ဟစ်ဆဲဆိုခဲ့သောကြောင့် ရပ်ကွက်နေသူများက ဝိုင်းဖမ်းဆီးပြီး ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ခြင်းဖြစ်သည်။

“သူ့ကို တရားလိုပြု အမှုဖွင့်တိုင်ကြားမယ့်သူ မရှိလို့ ရန်ကုန်ရဲအက်နဲ့ပဲ အမှုဖွင့် တရားစွဲဆိုခဲ့တာပါ။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒါမှမဟုတ် အခြားသူတစ်ဦးဦးက တရားလိုပြု အမှုဖွင့်တိုင်ကြားမယ်ဆို ၂၉၄/ ၂၉၅-က ပုဒ်မတွေနဲ့ပါ တရားစွဲဆိုလို့ ရတာပေါ့”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

စမ်းချောင်းမြို့နယ်တရားရုံးတွင် အောင်သိန်းထွေးကို ရန်ကုန်ရဲအက် ဥပဒေပုဒ်မ ၄၁(၁၄) ဖြင့် စစ်ဆေးနေဆဲဖြစ်ပြီး အာမခံပေး မပေးကို လတ်တလော မသိရသေးကြောင်း ၎င်းကဆိုသည်။

S-03


  • VIA