News

POST TYPE

CRIME & ACCIDENT

ယာဉ်ထိန်းရဲကို ဆဲဆိုခဲ့သောအမျိုးသား ရဲစခန်းသို့ လာရောက် အဖမ်းခံ
12-Sep-2017
ရန်ကုန်၊ စက်တင်ဘာ ၁၂

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗညားဒလလမ်းပေါ်တွင် ယာဉ်ကြောရှင်းလင်းရေး ဆောင်ရွက်နေသည့် ယာဉ်ထိန်းရဲကို ဆဲဆိုခဲ့သော အမျိုးသားမှာ ယနေ့ (စက်တင်ဘာလ ၁၂ ရက်) မွန်းလွဲပိုင်းတွင် ရဲစခန်း၌ လာရောက် အဖမ်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်းတွင် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့ မွန်းလွဲပိုင်းက ယာဉ်လမ်းကြောင်း ရှင်းလင်းနေသည့် ယာဉ်ထိန်းရဲတစ်ဦးကို ကိုကျော်စိုးဝင်း(ခ) 
ယူစွပ် ဆိုသူ အမျိုးသားက ဒေါသဖြင့်ဆဲဆိုရာတွင် ဘာသာတရားကို ထိခိုက်စေမိတဲ့ စကားလုံးများ ပါဝင်လာသည့်အတွက် ဘေးမှရပ်ကြည့်သူတွေက မကျေမနပ် ဖြစ်ခဲ့သော ဗီဒီယိုဖိုင်မှာ လွန်ခဲ့သည့်သုံးရက်က လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

“မနေ့က ဥပဒေ အကြံပြုချက် တောင်းပြီး ကိုယူစွပ် မိသားစုဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ သူတို့ဘက်ကလည်း မလိုလားအပ်တဲ့ ပြဿနာတွေ အဖြစ်မခံချင်ဘူး။ ဒီနေ့ ယူစွပ်ကို ဥပဒေအရ ရင်ဆိုင် ဖြေရှင်းဖို့ လာအပ်ပါ့မယ် ပြောသွားတယ်။ ပြောစကားအတိုင်း။ ဒီနေ့လယ် ၁၂ နာရီခွဲမှာ ရဲတပ်ဖွဲ့ထံ လာအပ်ခဲ့လို့ တရားရုံးမှာ သူ့ကို တရားစွဲဆိုပြီး ချုပ်ရမန်ယူ အင်းစိန်ထောင် တစ်ခါထဲ လွှဲအပ်ခဲ့တာပါ။”ဟု ရဲအရာရှိက ရှင်းပြသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး၌ ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၂၉၅-က/ ၁၈၆ ဖြင့် တရားစွဲဆိုခံရသူ ကိုကျော်စိုးဝင်း (ခ) ယူစွပ်ကို နာရီပိုင်းအတွင်း အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ပြီး စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရုံးထုတ်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03


  • VIA