News

POST TYPE

CRIME & ACCIDENT

ရန်ကုန်လေဆိပ်တွင် သေတ္တာအိတ် (၂) လုံးဖြင့် အပြည့်ထည့်ထားသော အိန္ဒိယရူးပီးငွေများ ဖမ်းမိ
11-Sep-2017
ရန်ကုန်၊ စက်တင်ဘာ ၁၁

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်ပထွက်ခွာဂိတ်တွင် စက်တင်ဘာလ ၁၀ ရက် ည ၇ နာရီခန့်က ခရီးဆောင်သေတ္တာအိတ် နှစ်လုံးဖြင့် အပြည့်ထားသော အိန္ဒိယ ရူးပီးငွေ အမြောက်အမြားကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းရူပီးငွေ အမြောက်အမြားဖြင့် ဖမ်းမိသူ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်၊ ရွှေဘိုလမ်း၊ အောင်ဇေယျရပ်ကွက် အိမ်ယာတွင် အသက် ၃၂ နှစ်အရွယ် ဖြိုးသက်အောင်ဖြစ်ပြီး ယင်းနေ့က စင်္ကာပူနိုင်ငံသို့ ထွက်ခွာရန် ပြည်ပထွက်ခွာဆောင် Terminal -2 Main Xray စက်ကို ဖြတ်သန်းစဉ် ခရီးဆောင်သေတ္တာအိတ် နှစ်လုံး အတွင်းမှ နိုင်ငံခြား ငွေပုံရိပ်များ တွေ့ရှိရသဖြင့် လေကြောင်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) က ခေါ်ယူစစ်ဆေးပြီး မင်္ဂလာဒုံမြို့မ ရဲစခန်းသို့ အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“သူက ရန်ကုန်ကနေ စင်္ကာပူကို Jet Star လေယာဉ်နဲ့လိုက်မှာ၊ အိတ်ကို ဖွင့်ဖောက်စစ်လိုက်တဲ့ အချိန်မှာ ရူးပီးငွေ ၂၀၀၀ တန် တစ်သောင်းသုံးထောင် တွေ့တယ်၊ မြန်မာငွေနဲ့ဆိုရင် သိန်းပေါင်း ငါးထောင့်လေးရာကျော်ပေါ့၊ ကျောပိုးအိတ်ထဲကနေတော့ အမေရိကန်ဒေါ်လာ တစ်ရာတန် အရွက်နှစ်ဆယ် ထပ်တွေ့တယ်၊ ဘယ်ကနေရသလဲ ဆိုတာတော့ စစ်ဆေးဆဲမို့ မသိရသေးဘူး” ဟု လေဆိပ်တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ယင်းငွေများတွေ့ရှိမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ခွင့်ပြုချက် စာရွက်စာတမ်းမရှိပဲ ပြည်ပသို့ တရားမဝင် သယ်ဆောင်သည် ဟုဆိုကာ အကောက်ခွန်မှူး အေးအေးတင်မောင်က မင်္ဂလာဒုံမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားသဖြင့် ယင်းမြို့မရဲစခန်းမှ (ပ) ၁၂၀၉/၁၇၊ ၂၀၁၂ ခုနှစ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲ ဥပဒေပုဒ်မ ၄၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

J 16