News

POST TYPE

CRIME & ACCIDENT

၁၁၅ မိုင် တိုးဂိတ်ကို ခရီးသည်တင်ယာဉ် မတော်တဆ ဝင်တိုက်မိ
06-Aug-2017

တောင်ငူ၊ သြဂုတ် ၆

ရန်ကုန်-မန္တလေး အမြန်လမ်း ဖြူး ၁၁၅ မိုင်ရှိ လမ်းအသုံးပြုခ ကောက်ခံနေသည့် တိုးဂိတ်ကို ယနေ့ (သြဂုတ်လ ၆ ရက်) နံနက် ၁ နာရီကျော်က ခရီးသည်တင် ကားတစ်စီး မတော်တဆ ဝင်တိုက်မိခဲ့သည်။

ယင်းသို့ တိုးဂိတ်ကို ဝင်တိုက်မှု သီတင်းတစ်ပတ်အတွင်း နှစ်ကြိမ်ရှိပြီ ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး နေပြည်တော်မှ သိရှိရသည်။

နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ဦးဝင်းတင် (အသက် ၄၅ နှစ်ခန့်) ဆိုသူ မောင်းနင်လာသည့် ကောင်းမြတ်မန်း ယာဉ်လိုင်းပိုင် ခရီးသည်တင် Express ယာဉ်သည် တိုးဂိတ်ကို ဝင်ရောက်ဖြတ်သန်းစဉ် ကားအောက်ဘက်ယာခြမ်းရှိ တူးဘောက်တံခါးပွင့်ကာ တိုးဂိတ်မှန်လုံခန်းကို ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ဖြူးအမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ထိုသို့ ဝင်တိုက်မှုကြောင့် တိုးဂိတ်ဝန်ထမ်းနှင့် ခရီးသည်များ ထိခိုက်ဒဏ်ရာ မရရှိဘဲ တိုးဂိတ်အဆောက်အအုံ ပျက်စီးမှုတန်ဖိုး ကျပ်သိန်း ၃၀ ခန့် ရှိသည်ဟု ယင်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဇူလိုင်လ ၃၁ ရက် နံနက် ၂ နာရီခန့်ကလည်း အဆိုပါတိုးဂိတ်ကို မကွေး-ရန်ကုန် ပြေးဆွဲသည့် ခရီးသည်တင်ယာဉ် တစ်စင်းက ဝင်တိုက်မိခဲ့ရာမှ တိုးဂိတ်ဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။

အမှုနှင့် ပတ်သက်ပြီး ယာဉ်မောင်း ဦးဝင်းတင်နှင့် ယာဉ်နောက်လိုက် ချစ်သူရိန်ဝင်းကို ဖြူးအမြန်လမ်း ရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိသည်။

R-15
ဓာတ်ပုံ - KSW