News

POST TYPE

CRIME & ACCIDENT

H1N1 ကို အခွင့်ကောင်းယူသည့် သေနတ်သမား
06-Aug-2017
လေမှတစ်ဆင့် ကူးစက်သော H1N1ရောဂါ၏ ခြိမ်းခြောက်မှုကြောင့် ရန်ကုန်မြို့၏ လမ်းမကြီးများနှင့် ခရီးသည်တင်ယာဉ်များပေါ်တွင် နှာခေါင်းစည်းများတပ်၍ ရင်တထိတ်ထိတ်ဖြင့် သွားလာနေရသည်မှာ ရက်သတ္တနှစ်ပတ် ကျော်လွန်လာခဲ့ပြီ ဖြစ်သည်။

မော်တော်ယာဉ်နှင့် လူအသွားအလာ အလွန်များပြားသည့် ရန်ကုန်-ပြည်လမ်းမဘေးရှိ နာမည်ကျော် အိုးရှင်းစင်တာ မျက်နှာချင်းဆိုင်တွင် ငွေလဲကောင်တာတွင် နှာခေါင်းစည် တပ်ထားသော အမျိုးသားနှစ်ဦးက သေနတ်ပစ်ဖောက်၍ လုယက်မှု ကျူးလွန်ရန် ကြံစည်မှု သြဂုတ်လ ၅ ရက်  နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

“H1N1ရောဂါခေတ်စားနေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး မျက်နှာဖုံး စွပ်ထားတဲ့ နှစ်ယောက်က လုယက်မှု ကျူးလွန်ဖို့ ကြံစည်သွားတာ။ လက်ရှိ သူတို့နှစ်ယောက်ကို မမိသေးဘူး။ တစ်မြို့လုံး ပိတ်ဆို့ရှာဖွေနေပါတယ်” ဟု ရဲမှူးတစ်ဦးက ဆိုသည်။

ဒေါ်လာ ၃၀ ကို  မြန်မာငွေနှင့် လဲလှယ်ရန် အကြောင်းပြ၍ ဆိုင်အတွင်းသို့ ဝင်လာသူနှစ်ဦးအနက် အစိမ်းရောင် နှာခေါင်းစည်း တပ်ထားပြီး ဦးထုတ်၊ အင်္ကျီနှင့် ဘောင်းဘီအနက်ရောင် ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးမှ  ဦးစွာဝင်လာခဲ့ပြီး ငွေလဲလှယ်နေစဉ် ဆိုင်ကယ်ဦးထုတ် ဆောင်းထားပြီး အစိမ်းရောင် နှာခေါင်းစည်း တပ်ဆင်ထားသည့် အမျိုးသားတစ်ဦး ဆိုင်ထဲသို့ ထပ်မံဝင်ရောက်လာခဲ့သည်။ 

“ဆိုင်ထဲ ဝင်လာသူတွေက မျက်နှာဖုံးတွေနဲ့။ အခုက လူတိုင်း ဒါတွေတပ်ထားတာ ဆိုတော့ ဝင်လာတဲ့ နှစ်ယောက်ကို လူကောင်းတွေလို့ပဲ ထင်လိုက်မိတာ။ သေနတ်ထုတ်ပြမှ ဓားပြတိုက်ခံရမှန်း သိလိုက်တာ။ ကျည်တစ်ချက် ဆိုင်ထဲပစ်ဖောက်ခဲ့ပေမယ့် လူထိခိုက်မှု မရှိခဲ့သလို  ဆိုင်ကပစ္စည်းတွေလဲ ဘာမှလုယက်မခံ လိုက်ရပါဘူး” ဟု ယင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

Farmer Money Changer ဆိုင်ထဲ သေနတ်ပစ်ဖောက်ခဲ့သူ နှစ်ဦးမှာ ယင်းဆိုင်တွင် ၎င်းတို့ပါလာသည့် ဒေါ်လာ ၃၀ ကို  မြန်မာကျပ်ငွေ ၄၀,၈၀၀ ဖြင့် လဲလှယ်နေစဉ် ဆိုင်ဝန်ထမ်း အမျိုးသမီးတစ်ဦးမှ ကျပ် ၄၂,၀၀၀ ကို ထုတ်ပေးခဲ့ကြောင်း၊ ယင်းနောက် ပိုငွေ ကျပ်နှစ်ရာအား ပြန်တောင်းရာ ယင်းအမျိုးသားမှ  သေနတ်ထုတ်ပြပြီး ငွေလဲကောင်တာ တံခါးကို ဖွင့်ခိုင်းခဲ့ကြောင်း မရမ်းကုန်း မြို့နယ်ရဲမှူးက ရှင်းပြသည်။ 

“ဆိုင်ဝန်ထမ်း အမျိုးသမီးက သေနတ်မြင်တော့ ဆိုင်အခန်းထဲကို ဝင်ပြေးရော။ ပြေးနေချိန်မှာ မျက်နှာဖုံး တပ်ထားတဲ့ လူက သေနတ်နဲ့ လှမ်းပစ်လိုက်တာ ဆိုင်မှာရှိတဲ့ ဘုရားပုံတော်ကို  ကျည်သွားမှန်တယ်။ ကျည်လဲထွက်သွားရော သူတို့ နှစ်ယောက် လဲထားတဲ့ ငွေတောင်မယူအားဘူး။ ဆိုင်ထဲကနေ ပြန်ထွက်သွားတာ။ ဘေးပတ်ဝန်းကျင် ပြောစကားအရဆို အနက်ရောင် ဆိုင်ကယ်တစ်စီးနဲ့ မောင်းပြေးသွားတာလို့ သိရတယ်။ CCTV မှတ်တမ်းထဲက ရထားတဲ့ သူတို့ရုပ်ပုံတွေကို မြို့နယ်အနှံ့က ရဲတပ်ဖွဲ့ထံ ဖြန့်ဝေထားပြီး ဖမ်းဆီးနိုင်ဖို့ စုံစမ်းနေတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

ကိုးမိုင်အိုးရှင်းစင်တာအရှေ့ ပြည်လမ်းနှင့် ယိုးဒယားလမ်းထောင့်ရှိ လူစည်ကားရာ နေရာတွင် ဖွင့်လှစ်ထားသည့် Farmer Money Changer ဆိုင်ထဲ သေနတ်ပစ်ဖောက်ပြီး လုယက်မှု ကျူးလွန်ရန် ကြံစည်ခံရမှုမှာ ရန်ကုန်မြို့တော်တွင် ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်း မဟုတ်ပေ။ 

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃ ရက် နေ့ခင်းကြောင်တောင်အချိန်တွင် မြေနီကုန်း ခုံးကျော်တံတားအနီး ရှမ်းလမ်းတွင် ဖွင့်လှစ်ထားသည့် M.S Group Money Changer ဆိုင်မှာ ယခုကဲ့သို့ သေနတ်ပစ်ဖောက်ပြီး ဒေါ်လာနှင့် မြန်မာငွေများကို လူနှစ်ဦးက ဝင်ရောက်လုယက်ခဲ့ဖူးသည်။

ယင်းလုယက်သူ နှစ်ဦးကို ရပ်ကွက်နေသူများက ဝိုင်းဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း အဆိုပါ အမျိုးသားနှစ်ဦးက သေနတ်ပစ်ဖောက် ခြောက်လှန့်၍ ခရီးသည်တင် ဘတ်စ်ကားပေါ် တက်ပြေးပြီး  လွတ်မြောက်နိုင်ခဲ့သည်မှာ ယနေ့အချိန် အထိပင် ဖြစ်သည်။

ထို့ပြင် ဆိုင်ထဲ သေနတ်ပစ်ဖောက်ပြီး လုယက်မှု ကျူးလွန်ရန် ကြံစည်ခံရသည့် Farmer Money Changer ဆိုင်မှာ လွန်ခဲ့သည့် ၂ နှစ်ကျော်က ဒဂုံမြို့နယ် အပိုင်ရှိ တော်ဝင်စင်တာအနီး ပြည်လမ်းဘေးတွင် ဖွင့်လှစ်ထားသော ဆိုင်ခွဲတစ်ခုမှ ငွေများလုယက်ခံရဖူးကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဆိုင်မှငွေများ ထုတ်ပိုးသိမ်းဆည်းနေစဉ် အမည်မသိ အမျိုးသားသုံးဦး ရောက်ရှိလာပြီး ဝန်ထမ်းအမျိုးသားအား ရိုက်နှက်၍ ကျပ်သိန်း ၃၀၀ ခန့်ပါရှိသော ငွေထုတ်ကို လုယူကာ Alphard အဖြူရောင်ယာဉ်ဖြင့် ဘုန်းကြီးလမ်း စံပြမှတ်တိုင်ဘက်သို့ မောင်းပြေးသွားသူများကို ယနေ့အချိန်ထိ ရဲတပ်ဖွဲ့က ဖော်ထုတ်အရေးယူနိုင်ခဲ့ခြင်း မရှိသေးပေ။

ရန်ကုန်မြို့တော်အတွင်း ရာဇဝတ်မှုများ ဆက်တိုက်ဖြစ်ပွားနေချိန် လူသတ်မှု၊ လုယက်မှုဖြစ်စဉ် အချို့တွင် သေနတ်များ အသုံးပြု၍ ပြစ်မှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်များ ပါဝင်လာခဲ့သည်။

ယင်းဖြစ်စဉ်များအနက် လေဆိပ်တွင် ရှေ့နေဦးကိုနီ လုပ်ကြံမှုမှာ ရန်ကုန်မြို့တော် လုံခြုံရေးအတွက် အတော်ထိတ်လန့် တုန်လှုပ်ဖွယ် ဖြစ်စေခဲ့ကြောင်း အမည်မဖော်လိုသည့် အငြိမ်းစားရဲမှူးကြီးတစ်ဦးက ၎င်း၏ အမြင်ကို သုံးသပ်ပြောကြားထားသည်။

“ကုန်စည်စီးဆင်းမှုကို လျှင်မြန် စေဖို့အတွက် ဦးသိန်းစိန်လက်ထဲမှာ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းခဲ့တယ်၊ အဲနောက်ပိုင်းမှာ ရန်ကုန်မြို့ထဲကို တရားမဝင်လမ်းကြောင်းမျိုးစုံနဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ လှိမ့်ဝင်လာခဲ့တာ အခုဆိုရင် ထိန်းမနိုင်သိမ်းမရ အခြေအနေထိ  မူးယစ်ဆိုးကျိုးဂယက်ကို ခံစားနေရတယ်။ အခုကြည့် သေနတ်နဲ့ လူသတ်လုယက်မှုတွေပါ ကျူးလွန်လာတဲ့အထိ အတင့်ရဲလာပြီ။ ဒီအခြေအနေကို အမြန်ဆုံး ထိန်းချုပ်နိုင်ဖို့ ဆိုတာတော့ အတော်ကို မလွယ်တောတဲ့ပုံ ဆိုက်နေပြီ” ဟု အငြိမ်းစားရဲမှူးကြီးတစ်ဦးက ဆိုသည်။

လက်နက်ခဲယမ်းများ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် စိမ့်ဝင်စီးလာမှုကြောင့် စမ်းချောင်းမြို့နယ်၊ နာနတ်တောလမ်းရှိ ဂွဈေးအနီးတွင် ယာဉ်ကြောပိတ်မိနေသည့်  အငှားယာဉ်မောင်း ဦးအောင်မင်းတစ်ဦး အမှတ်မထင် လက်အား ကျည်ထိမှန်ခဲ့သလို မန္တလေးတိုင်း ဒသကြီးတွင်လည်း ဆိုင်ကယ်မောင်းလာသူတစ်ဦး လားရာမသိသည့် ကျည်ဆံတစ်တောင့်မှ နဖူးထိမှန်ခဲ့သောကြောင့် အသက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်များ ဖြစ်ခဲ့ရသော်လည်း လက်သည်မည်သူ ဆိုသည်ကိုမူ ယနေ့အထိ ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။

မကြာသေးမီကလည်း သာစည်မြို့နယ်တွင် မန္တလေးဘက်မှ တရားမဝင်လမ်းကြောင်းဖြင့် ဖြတ်သယ်သွားသည့် သေနတ် ၂၂ လက်ကို ဖမ်းမိခဲ့သော်လည်း ယခင်နှစ်ကြိမ်က သယ်ဆောင်ခဲ့သည့် သေနတ်လက် မည်မျှအထိ ရှိခဲ့သည်ကိုမူ မသိနိုင်ကြပေ။

လူထုအစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ရာဇဝတ်ဂိုဏ်းများကို မြေလှန်ဖယ်ရှား၍ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း  တစ်နှစ်ကျော် အချိန်ခန့်က မီဒီယာများသို့  ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင်းလည်း ရန်ကုန်မြို့အနှံ့တွင် စွန်ရဲစီမံချက်များဖြင့် လုံခြုံရေး တိုးမြှင့်ကာ ညစဉ်အဖွဲ့စုံဖြင့် မသင်္ကာသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို ရှာဖွေစစ်ဆေးခြင်း၊ ရပ်ကွက်အတွင်း လှည့်ကင်းများ ဆောင်ရွက်ခြင်းတို့ကို အရှိန်မြှင့်တင် ဆောင်ရွက်လျက် ရှိသော်လည်း မှုခင်းဖြစ်ပွားမှုနှုန်းမှာ သိသာစွာ လျော့ကျသွားခြင်း မရှိသေးကြောင်း ပြည်သူအများစုမှ ဝေဖန်အကြံပြုခဲ့ကြသည်။

“ဒီနေရာမှာ လုံခြုံရေး လုပ်ဆောင်နေရင် အခြားနေရာမှာ အမှုအခင်းတွေက သွားဖြစ်နေတာ။ အဓိက ရဲတပ်ဖွဲ့အင်အားနည်းလို့ နယ်မြေအနှံ့ အချိန်ပြည့် မဆောင်ရွက်နိုင်တာလို့ ယူဆသုံးသပ်မိတယ်” ဟု နှစ်ပေါင်း ၂၀ ကျော်ကြာ ရန်ကုန်တိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲမှူးတစ်ဦးက ဆိုသည်။

H1N1 ရောဂါ ကူးစက်ခံရမည် စိုးသဖြင့် လူအများမှ နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ်သည့် မျက်နှာဖုံးစည်း အမျိုးစုံကို  တပ်ဆင်ထားရသည့်အချိန်တွင် ယနေ့ Farmer Money Changer ဆိုင်အတွင်း သေနတ်ပစ်ဖောက် လုယက်မှု ကျူးလွန်ရန် ကြံစည်ခဲ့သည့် မျက်နှာဖုံးစည်း တပ်ထားသူ နှစ်ဦးကဲ့သို့ မျက်နှာဖုံး တပ်ဆင်ထားသည့် သုံးဦးမှာ အမှတ် (၃) လမ်းဘေးရှိ စားသောက်ဆိုင်ထဲတွင် ဝင်ရောက်ဓားပြတိုက်မှု ဖြစ်စဉ် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သေးသည်။

ဇူလိုင်လ ၂၆ ရက် ညပိုင်းက အမှတ် (၃) လမ်းမဘေးရှိ စားသောက်ဆိုင်သို့ နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ်ထားသည့် မျက်နှာဖုံး တပ်ဆင်ထားသော အမျိုးသားသုံးဦး ရောက်ရှိလာပြီး ဆိုင်ကောင်တာတွင် ထိုင်နေသည့် အမျိုးသမီးနှစ်ဦးနှင့် ဆိုင်အတွင်း စားသောက်နေသူများကို ဓားထောက်ခြိမ်းခြောက်ကာ ကောင်တာမှ ငွေကျပ်သုံးသိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံး၊ ဆိုင်လာသည့် ဧည့်သည်များထံမှ ငွေကျပ်နှစ်သိန်းနှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ကို လုယူထွက်ပြေးခဲ့ပြီး ၎င်းတို့ကို ယနေ့အချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေ ရဲစခန်းထံမှ သိရ သည်။ 

“လူအတော်များများက မျက်နှာဖုံးတွေ တပ်ထားတော့ လူဆိုးလူကောင်း ခွဲခြားဖို့ အတော်ခက်နေပြီ။ သာမန်ပြည်သူတွေမဆိုနဲ့ ရဲတွေတောင် သံသယရှိ တရားခံစုံစမ်းဖို့ အဆင်မပြေတော့ဘူး။ မျက်နှာဖုံး တပ်ထားတော့ သတင်းရထားသူ ကိုယ့်အနားက ဖြတ်လျှောက်သွားတာတောင် သူက ဘယ်သူဘယ်ဝါ ဆိုတာ မသိနိုင်တော့ဘူးလေ။ မြို့ထဲတိုက်ခန်းမှာ နေသူတွေ သတိထားရမှာက တံခါးနှစ်ထပ်ကို အမြဲသော့ခတ်ထားစေချင်တယ်။ ဒီအချိန်က အန္တရာယ်က အချိန်မရွေး ကိုယ့်အိမ်တံခါး လာခေါက်နိုင်တယ်” ဟု နယ်ထိန်းရဲအရာရှိတစ်ဦးက ဆိုသည်။ 

လုံခြုံရေးကို မည်မျှအထိပင် တိုးမြှင့်လုပ်ဆောင်မည် ဖြစ်စေ ပြစ်မှုကျုးလွန်ရန် ကြံစည်နေသူများက အမှုများ ဆက်လက်လုပ်ဆောင်နေမည် ဖြစ်သောကြောင့် ပြည်သူများ အနေနှင့် တစ်ပိုင်တစ်နိုင် လုံခြုံရေးများ ခန့်အပ်၍ CCTV ကင်မရာများပါ တပ်ဆင်ထားရန် လိုအပ်ကြောင်း ရဲတပ်ဖွဲ့က အကြံပြု တောင်းဆိုထားသည်။

“ငွေလဲကောင်တာဆိုင်တွေ မြို့နယ်တိုင်းလိုလိုမှာ ရှိတယ်။ အဲဆိုင်တွေ သွားကြည့် လုံခြုံရေး ခန့်ထားတာမျိုး မရှိကြဘူး။ CCTV တောင် မတပ်ထားတဲ့ဆိုင်တွေ ရှိသေးတယ်။ စနစ်တကျ သင်တန်းပို့ချထားတဲ့ လုံခြုံရေး ကုမ္ပဏီတွေက ဝန်ထမ်းတွေကို မိမိတို့ရဲ့ ဆိုင်တွေမှာ  ခန့်အပ်ထားစေချင်တယ်။ ဒါမှ ကိုယ့်အသက်နဲ့ ဥစ္စာပစ္စည်းကို ကာကွယ်နိုင်မှာလေ” ဟု ရဲမှူးကြီးတစ်ဦးက ဆိုသည်။

လက်ရှိ ရန်ကုန်မြို့တော်တွင် လူသတ်၊ လုယက်မှုနှင့် ခိုးမှုများ နေရာအနှံ့တွင် မကြာခဏ ဖြစ်ပွားနေသောကြောင့် ရပ်ကွက်အလိုက် စုပေါင်း၍ CCTV ကင်မရာများ တပ်ဆင်ရန်နှင့် လုံခြုံရေးများ ထားရှိရန် ရဲတပ်ဖွဲ့က ပြည်သူထံ အကြံပြု တောင်းဆိုထားသော်လည်း လိုက်နာဆောင်ရွက်မှု အားနည်းချက်များ ရှိနေသောကြောင့် ပြည်သူတို့၏ ရင်ထဲတွင် လုံခြုံပြီဟူသည့် အသိရှိလာစေရန် လိုအပ်နေဦးမည ်ဖြစ်သည်။

ခိုင်စိုးလင်း