News

POST TYPE

CRIME & ACCIDENT

တာချီလိတ်တွင် ငါးမန်းဂိမ်းလောင်းကစားဒိုင်တစ်ဦး ဖမ်းမိ
05-Aug-2017

ကျိုင်းတုံ၊ သြဂုတ် ၅

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင် သြဂုတ်လ ၄ ရက် ညနေ ၄ နာရီခန့်က ငါးမန်းဂိမ်းနှင့် ဘောလုံးဂိမ်း လောင်းကစားဒိုင်ပြုလုပ်နေသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။

ယင်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်း တစ်ခုကို ဝင်ရောက်ရှာဖွေရာ လောင်းကစားဒိုင် ပြုလုပ်နေသည့် နေမျိုးသားတစ်ဦး အပါအဝင် ငါးမန်းဂိမ်းခုံတစ်ခု၊ ဘောလုံးဂိမ်းခုံ သုံးခုနှင့် လောင်းကစားငွေ ၅၁၄၀ ဘတ်တို့ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လောင်းကစားပြုလုပ်နေတယ်လို့ သတင်းရတဲ့အတွက် ဝင်ရောက် ရှာဖွေရင်းကနေ လောင်းကစားဒိုင်ကို ဖမ်းမိခဲ့တာ။ ထိုးသားတွေတော့ တစ်ယောက်မှ မတွေ့ခဲ့ဘူး”ဟု ၎င်းက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လောင်းကစားဒိုင်ပြုလုပ်သူ အသက် ၃၄ နှစ်အရွယ် အောင်ကျော်ထွန်း (ခ) ထွန်းထွန်းကို လောင်းကစား ဥပဒေပုဒ်မ ၁၄(က)အရ အမှုဖွင့် အရေးယူထားကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။

R-16


  • VIA