News

POST TYPE

CRIME & ACCIDENT

ရန်ကုန်မှ ဖုန်းမျိုးစုံနှင့် ငွေသိန်းနှစ်ဆယ် ခိုးလာသူကို ပုသိမ်တွင် ဖမ်းမိ
05-Aug-2017
ပုသိမ်၊ သြဂုတ် ၅

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ “KKK” ဖုန်းအရောင်းဆိုင်မှ ဖုန်းမျိုးစုံ ၆၇ လုံးနှင့် ငွေကျပ်သိန်းနှစ်ဆယ် စုစုပေါင်း ကာလတန်ဖိုး ငွေကျပ်သိန်း တစ်ရာကျော် ခိုးယူခဲ့သူကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် တဂေါင်းဘုရားလမ်းတွင် သြဂုတ်လ ၄ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့သည်။

ပုသိမ်မြို့ တဂေါင်းဘုရားလမ်းတွင် လူငယ်တစ်ဦး ဖုန်းအသစ်များ လိုက်လံရောင်းချနေကြောင်း သတင်းရရှိသဖြင့် ချမ်းသာစားသောက်ဆိုင်တွင် မသင်္ကာဖွယ် ထိုလူငယ်ကိုတွေ့၍ စစ်ဆေးခဲ့ရာ ခိုးယူလာသော သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်နယ်မြေ ရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်စိုးအောင်က ပြောကြားသည်။

သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသော မောင်ပြုံးချိုလွင် (ခ) လင်းနိုင်ဦး (အသက် ၁ ၈ နှစ်) သည် ဧရာဝတီတိုင်း လပွတ္တာမြို့ ၁၀ ရပ်ကွက် နေထိုင်သူဖြစ်ပြီး ရန်ကုန်မြို့ ရွှေပြည်သာမြို့ အမှတ် ၁၃ ရပ်ကွက်တွင် အိမ်ငှားနေထိုင်ကာ “KKK” ဖုန်းဆိုင်မှ ဖုန်းမျိုးစုံကို ဇူလိုင်လ ၂၉ ရက်က ခိုးယူခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဇူလိုင် ၃၁ ရက်တွင် ဟင်္သာတမြို့မှတစ်ဆင့် ပုသိမ်မြို့သို့ ရောက်ရှိခဲ့ပြီး ရွှေဝတ်ရည် တည်းခိုးခန်းတွင် တည်းခိုကာ ခိုးယူလာသည့် ဖုန်းများကို ပြန်လည်ရောင်းချခြင်း ဖြစ်ကြောင်း၊ အချို့ဖုန်းများကို ဒဂုံဧရာအဝေးပြေးသို့ အလာလမ်းတွင် ရဲတပ်ဖွဲ့နှင့်တွေ့၍ ကျောပိုးအိတ်ဖြင့် ထည့်ကာ လွှင့်ပစ်ထားခဲ့ကြောင်း မောင်ပြုံးချိုလွင်က ရဲစခန်းတွင် ထွက်ဆိုသည်။

ပုသိမ်နယ်မြေရဲစခန်းမှ ရွှေပြည်သာ မြို့မရဲစခန်းသို့ မောင်ပြုံးချိုလွင်ကို ဖမ်းမိကြောင်း အကြောင်းကြားကာ လွှဲပြောင်းပေးရန် စီစဉ်လျက်ရှိပြီး “KKK” ဖုန်းဆိုင်မှ ဒေါ်ဘရဏီဝင်းက တရားလိုပြုလုပ် တိုင်ကြားချက်အရ ရွှေပြည်သာ မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

R-12